ဖမ်းဆီးအကျဉ်းချခံ ကျောင်းသားတွေ လွှတ်ပေးဖို့ ရခိုင်ကျောင်းသားသမဂ္ဂတောင်းဆို

နီမင်းထွန်း
2021-01-15
Share

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတစ်ဝှမ်းမှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားတွေကို ဖမ်းဆီးထောင်ချထားတာ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂ က ကိုကျော်ငြိမ်းထွန်းက ပြောပါတယ်။

“မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်တွေကို ရှုံ့ချပြီးတော့ ရခိုင်ပြည်သူပြည်သားတွေအတွက် ရှေ့ထွက်ပြီးတော့ တောင်းဆိုတာကို သူတို့က ငြိမ်းစုစီပုဒ်မတွေ တခြား ပုဒ်မတွေတပ်ပြီးတော့ ကျွန်တော်တို့ကို ဖမ်းလိုက်တယ်ပေါ့လေ။ ဖမ်းတယ်ဆိုတာကလည်း ရခိုင်ပြည်အတွင်း တစ်ခုတည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးက ကျောင်းသားတွေကို လိုက်ပြီးဖမ်းဆီးထားတာဖြစ်တယ်။ ဒါကကျောင်းသားထုရဲ့ လှုပ်ရှားမှုကို နည်းတစ်မျိုးမျိုးနဲ့ ရပ်တန့်အောင် လုပ်တာဖြစ်တယ်။ ဒါက တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်နိုင်ငံမှာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ ကျွန်တော်တို့က မြင်တယ်။”

ထောင်ချခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ကျောင်းသားတွေကို တရားရုံးတင် စစ်ဆေးတာမလုပ်ဘဲ အကျဉ်းထောင်တွေမှာ အချိန်အတော်ကြာ ချုပ်နှောင်ထားတာ ချက်ချင်းရပ်ဖို့၊ ရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့် အင်တာနက် 4G ပြန်ဖွင့်ပေးဖို့နဲ့ တိုက်ပွဲအတွင်း ပျောက်ဆုံးသွားတဲ့ တင်းမရွာသားတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေ တရားမျှတမှုရဖို့ စတဲ့ အချက် (၄) ချက်ပါတဲ့ လက်ကမ်းစာစောင်အရွက် (၅၀၀) ကျော်ကို စစ်တွေမြို့မဈေးမှာ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်းက ဖြန့်ဝေပြီး တောင်းဆိုလိုက်တာပါ။

အခုတောင်းဆိုချက်တွေ မလိုက်လျောပေးရင် တခြားနည်းလမ်းတွေနဲ့ တောင်းဆိုသွားမယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက နောက်တစ်ဦးဖြစ်တဲ့ ကိုတိုးတိုးအောင်က ပြောပါတယ်။

"ကျွန်တော်တို့ ကျောင်းသားတွေကတော့ ဖိနှိပ်သူရှိလို့ ပြန်ပြီးတော့ တော်လှန်တာရှိတယ်ပေ့ါနော်။ ဒီအပေါ်မှာ ကျွန်တော်ကတော့ သိပ်ပြီး စိုးရိမ်နေမှာတော့ မဟုတ်ဘူး။ ဖမ်းဆီးရမှာက သူတို့အလုပ်လို့ မြင်နေသမျှကတော့ ကျွန်တော်တို့ကို ဖမ်းဆီးနေမှာပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိတယ်။ ပြည်သူဆိုတာ ကျွန်တော်တို့ မိဘတွေ ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ က ပြည်သူလူထုဘက်ကပေါ့နော်။ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေမှာပေါ့နော်။ ဒီနည်းလမ်းနဲ့ မဟုတ်ရင်လည်း တခြားနည်းလမ်းတွေနဲ့ တိုက်ပွဲဝင်သွားမယ်ဆိုတာကိုလည်း ပြောကြားချင်ပါတယ်။"

ကျောင်းသားတွေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းအရ အခွင့်အရေးတွေကို တောင်းဆိုတာဖြစ်ပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုတယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က မဦးခင်သိန်းက RFA ကိုပြောပါတယ်။

ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခ ကလည်း အခုလက်ရှိအစိုးရ သက်တမ်းမကုန်ခင်ကာလမှာ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

"လက်ရှိအချိန်မှာ အစိုးရက ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့၊ နောက်ပြီးတော့ အင်တာနက်လိုင်း ဖြတ်တောက်ထားမှုနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ဆန္ဒပြလို့ဆိုပြီးတော့ ဆန္ဒပြတဲ့သူတွေကို ဖမ်းထားတာ ဒီနေ့အချိန်အထိ ၆၃ ယောက်အထိ ရှိနေတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဆိုတော့ အခုလာမယ့် အစိုးရသစ် မတက်ခင်ပေ့ါနော်။ အထူးသဖြင့် လက်ရှိအစိုးရက သူမဆင်းခင်ကာလအထဲမှာ သူလုပ်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဒီကိစ္စရပ်တွေအပေါ်မှာ ဖြေရှင်းဖို့လိုအပ်တယ်လို့ မြင်တယ်။ သူတို့သက်တမ်းမကုန်ခင်ကာ လအတွင်းမှာ ဒီအမှုတွေကို အကုန်လုံးပိတ်သိမ်းပြီးတော့ ဖမ်းဆီးထောင်ချထားတဲ့သူတွေကိုလည်း ပြန်လွှတ်ပေးဖို့လိုမယ်လို့ ကျွန်တော် မြင်ပါတယ်။"

အခုလို ကျောင်းသားလူငယ်တွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်လို့ အစိုးရရဲ့သဘောထား သိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်း ပြန်ဖွင့်ဖို့နဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ငါးယောက်ကို၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မတွေနဲ့ အာဏာပိုင်တွေက တရားစွဲထားပါတယ်။

အလားတူ မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပြည် စတဲ့ဒေသအသီးသီးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ဝင် ကျောင်းသား (၁၅) ဦးကိုလည်း အဲဒီပုဒ်မတွေနဲ့ပဲ ဖမ်းဆီးထောင်ချထားသလို၊ ဖမ်းဝရမ်း ထုတ်ထားတာတွေလည်းရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့