မြောက်ဦးမှာ သြင်္ကန်လည်တဲ့ လူငယ် ၃ ဦး ရိုက်နှက်ခံရ


2017.04.15
rakhine-youth-fight-620.jpg မြောက်ဦးအခြေစိုက် ခမရ (၅၄၀) က တပ်သားတွေနဲ့ မြောက်ဦးမြို့ ပေါင်းတုတ် ကတိုးဆိပ်ရွာက သြင်္ကန်လည်ပတ်တဲ့ လူငယ်တချို့ ဧပြီလ ၁၅ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့စဉ်
ဓါတ်ပုံ - ရခိုင့် သဇင် ချစ်သူ/ Facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သြင်္ကန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဒီကနေ့ ပြဿနာ ဖြစ်ပွားခဲ့ပြီး လူငယ် ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ တစ်ယောက်က ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သုံးဦးစလုံးကို မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။

"ကောင်လေးတွေကို ခေါ်ချပြီးတော့ သူတို့က သံတုတ်နဲ့ ရိုက်ပါတယ်။ ရိုက်တော့ ကျော်နိုင်စိုး ဆိုတဲ့ကလေးက ပြဲသွားပါတယ်။ ၄ ချက်လောက် ချုပ်ရပါတယ်။ ကျန်တဲ့ကလေး နှစ်ယောက်ကတော့ ရိုက်တဲ့ဒဏ်ရာတွေပဲ ရပါတယ်။ ကွဲပြဲဒဏ်ရာတော့ မရပါဘူး။ သူတို့ သုံးယောက်စလုံး အခုက မြောက်ဦး ဆေးရုံကြီးမှာ ရှိနေပါတယ်။"

ဒဏ်ရာရရှိသွားသူတွေဟာ ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ ရှိသူတွေဖြစ်ပါတယ်။

သူတို့ဟာ သြင်္ကန်အကျနေ့က ပေါင်းတုတ်ကျေးရွာအုပ်စု၊ နန်းကျားကျေးရွာ မဏ္ဍပ်မှာ ခမရ (၅၄၀)က တပ်မတော်သားတွေနဲ့ အချင်းများခဲ့ကြသူတွေဖြစ်ပြီး အဲဒီ ကိစ္စကြောင့် အခုလို ရိုက်နှက်ခံရတာ ဖြစ်တယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က မြောက်ဦးမြို့နယ် ရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။