ရခိုင်လူထုအရေး ပါဝင်ဆောင်ရွက်ဖို့ ရခိုင်လူငယ်တွေ့ဆုံပွဲ ကျင်းပ

ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်လူထုအရေးကိစ္စရပ်တွေမှာ ပါဝင်ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ရခိုင်လူငယ်အဖွဲ့အစည်းတွေပါဝင်တဲ့ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့စတင်ကျင်းပပြီး နှစ်ရက်ကြာကျင်းပမယ်လို့ သိရပါတယ်။

2012.11.24
rakhine_youth_forum_305.jpg မရမ်းကုန်းမြို့နယ် သမိုင်းမြို့မဘုန်းတော်ကြီးကျောင်းမှာ နိုင်ဝင်ဘာလ ၂၆ က ကျင်းပတဲ့ ရခိုင်လူငယ်တွေ့ဆုံပွဲ တက်ရောက်လာသူများကို တွေ့ရစဉ်
Photo: RFA

ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရခိုင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဝင် မတင်မြတ်ထက်က အခုလို ပြောပါတယ်။

"အဓိကကတော့ Rakine Youth Forum ကို ကျင်းပတာကတော့ ကျမတို့ ဒီဇင်ဘာလမှာလုပ်မယ့် Myanmar Youth Forum မှာ ရခိုင်လူငယ်တွေရဲ့ အသံတွေကိုဖော်ထုတ်နိုင်ဖို့ရယ်  Myanmar Youth Forum ကနေ မြန်မာ့လွှတ်တော်ကိုတင်မယ်၊ နောက်တစ်ခုက ရခိုင်လူငယ်ကွန်ရက် ပေါ်ပေါက်လာဖို့ရယ်၊ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ လက်ရှိရခိုင်လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအပေါ်မှာ ရခိုင်လူငယ်တွေရဲ့ သဘောထား ထင်မြင်ချက်တွေကို ထုတ်ပြန်သွားဖို့ရယ်၊ ရခိုင်ဒေသတိုးတက်ရေးအတွက် လုပ်ဆောင်သွားဖို့ရယ်ဖြစ်ပါတယ်"

ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားလူငယ် အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့က ကိုယ်စားလှယ် ၁၅၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ တက်ရောက်လာသူတွေအနေနဲ့ ပညာရေး၊ မူးယစ်ဆေးဝါး၊ သတင်းနဲ့မီဒီယာ၊ ရခိုင်လူငယ်တွေနဲ့ နိုင်ငံရေး အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ပါဝင်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။