စစ်ဘေးကြောင့် ရသေ့တောင်ဒေသခံတွေ စစ်တွေမြို့ကို တိမ်းရှောင်လာ


2019.08.16
rathedaung-refugees-622.jpg စစ်တွေမြို့နယ် အုန်ရည်ဖော်ကျေးရွာကို စစ်ဘေးကြောင့် ထွက်ပြေးရောက်ရှိလာတဲ့ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာက ဒေသခံတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာက ဒေသခံတွေဟာ စစ်ရေးလှုပ်ရှားမှုတွေကို စိုးရိမ်ကြောက်လန့်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းကနေစပြီး စစ်တွေမြို့နယ် အုန်ရည်ဖော်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။

တဖြည်းဖြည်း ထွက်ပြေးလာကြတာ ဒီနေ့အထိဆိုရင် လူ ၈၀ ကျော်အထိရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

အဲဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကျေးရွာအတွင်း ပစ်ခတ်မှုတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးလာကြတာလို့ ရွာသားတွေက RFA ကို ပြောပါတယ်။

သူတို့ကို အုန်းရည်ဖော်ကျေးရွာအတွင်းက နေအိမ်အချို့မှာ လတ်တလော ယာယီနေရာချထားပေးပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ သူ့အနေနဲ့ ဒေသခံတွေ အခုလို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ သတင်းကို မရသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာက လူ ၆၀ ကျော်ဟာလည်း ပြီးခဲ့တဲ့အပတ်က စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းကို ထွက်ပြေးလာခဲ့ကြတာကြောင့် အခုဆိုရင် စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေသူတွေဟာ လူဦးရေ ၁၅၀ ခန့်ရှိနေပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။