ရသေ့တောင် စစ်ဘေးဒုက္ခသည်တွေ စစ်တွေကို ထွက်ပြေးလာ

မင်းသိန်းအောင်
2020.02.25

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာ  မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်ရတာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်မစံအေးက သူနေထိုင်ခဲ့တဲ့ သမီးလှရွာကနေ နေရာ ငါးခုကို ကနဦး ထွက်ပြေးခဲ့ပြီး နောက်ဆုံးမှာတော့ ပိုလုံခြုံတဲ့စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာလို့ ပြောပါတယ်။

“ပစ်သံခတ်သံတွေကြားလို့ အုန်းချောင်းရွာဘက်ကို ထွက်ပြေးပါတယ်။ အုန်းချောင်းမှာ နှစ်ညအိပ်ပါတယ်။ အဲဒီမှာလည်း ပစ်သံတွေထပ်ကြားတော့ ရေကောင်းချောင်းရွာဘက်ကို ပြေးရပါတယ်။ ရေကောင်းချောင်းမှာ တစ်ညအိပ်ပါတယ်။ အဲဒီကနေ ဇေယျာမြိုင်ရွာဘက်ကို ထပ်သွားပါတယ်။ အဲဒီမှာ တစ်ညအိပ်ပါတယ်။ အဲဒီကနေတဆင့် ခွဆုံရွာဘက်ကို ထပ်ပြေးပြီးတော့ အဲဒီမှာ သုံးညလောက်အိပ်ခဲ့ပါတယ်။ အဲဒီကနေ ရသေ့တောင်မြို့ကိုရောက်တော့ ရသေ့တောင်မှာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေတော်တော်လေး များနေလို့ နေထိုင်လို့အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီး စစ်တွေမြို့ကို လာခဲ့ရတာပါ”

စစ်တွေမြို့ကိုရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ဦးလှကျော်သာက သူတို့ဟာ တပ်မတော်ကြောင့် ထွက်ပြေးလာကြရတာလို့ ဆိုပါတယ်။

“သူတို့က ပြည်သူလူထုကို အနှောင့်အယှက်မပေးဘူးဆိုလို့ရှိရင် နယ်ကပြည်သူလူထုတွေ စစ်တွေမြို့ကို လာကြပါ့မလား။ ဒီလောက်ဝေးတဲ့ခရီးကနေ လာကြမလား။ သူတို့ဒုက္ခပေးလို့ ကျွန်တော်တို့က အခုလိုပဲ လာကြရတာ။ အိမ်ကိုလည်း မီးရှို့ခံရလို့ စစ်တွေမြို့အထိ အခက်အခဲမျိုးစုံနဲ့ လာကြရတာ။ အဲဒါတောင် သူတို့ မလုပ်ဘူးလို့ဆိုရင် ဒါတွေကို ဘယ်သူလုပ်တာလဲလို့ မေးချင်တယ်”

အခုစစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ရွာသားတွေဟာ တပ်မတော်စစ်ကြောင်းက အဲဒီဒေသဘက်ကို  ဦးတည် လာပြီး ပစ်ခတ်သံတွေကြားရချိန် ဖေဖော်ဝါရီလ ပထမပတ်မှာပဲ နီးစပ်ရာကိုထွက်ပြေး  တိမ်းရှောင်ခဲ့ကြရတာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က  ဒေသခံ အချို့ပါ စစ်တွေမြို့အထိ ထွက်ပြေးခိုလှုံလာကြတာ အခုအချိန်အထိ လူပေါင်း ၇၇၀ ကျော်ရှိ ပါတယ်။

စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၁၀ ခုလောက်မှာ ယာယီခိုလှုံနေကြရတာပါ။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကတော့  စစ်ဘေးဒုက္ခ သည်တွေအတွက် သတ်မှတ်စားနပ်ရိက္ခာတွေကို အကူအညီပေးထားတယ်လို့ပြောပါတယ်။

“စစရောက်ရောက်ချင်း ခိုလှုံတဲ့အဖွဲ့တွေကို ဆန်ရိက္ခာ နှစ်ပတ်စာ ထောက်ပံ့ပါတယ်။ နှစ်ပတ်စာပြည့်လို့ သူ့နေရာသူ့ဒေသကို ပြန်သွားလို့ရပြီ သွားနိုင်တယ်ဆိုရင်တော့ နှစ်ပတ်စာက လုံလုံလောက်လောက် ဖြစ်သွားပြီပေါ့။ နှစ်ပတ်နဲ့လည်း သွားမရသေးဘူး ကြာနေသေးတယ်ဆိုလို့ရှိရင်တော့ နောက်ထပ် တစ်လစာထပ်ပြီးတော့ ထောက်ပံ့ပေးပါတယ်။ ဆန်ရိက္ခထောက်ပံ့တယ်ဆိုတာလည်း ကျွန်တော်တို့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ရိက္ခာထောက်ပံ့မှုနှုန်းထားတွေကို သတ်မှတ်ထားတာက လူတစ်ဦးကို နို့ဆီဗူးနှစ်ဗူးနှုန်းနဲ့ပေါ့၊ လူကြီး၊ လူငယ်မရွေး လူတစ်ဦးချင်းစီကို ဆန်နှစ်ဗူးနှုန်းနဲ့ ကျွန်တော်တို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်"

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ယာယီကယ်ဆယ်ရေးစခန်း ၁၂၄ ခုမှာရှိနေတဲ့ လူဦးရေဟာ ငါးသောင်းခုနစ် ထောင်နီးပါး ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) ကတော့ အခုလက်ရှိအချိန်အထိ စခန်းထဲမှာနေတဲ့သူရော၊ စခန်းပြင်ပက နီးစပ်ရာမှာခိုလှုံနေကြတဲ့သူပါ စုစုပေါင်း တစ်သိန်းတစ်သောင်း ကျော်ရှိတယ်လို့ပြောပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အစပ်နားက ရွာတွေကို နယ်မြေရှင်းလင်းမှုတွေရှိနေတာကြောင့် ထွက်ပြေးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ဒီရွာတွေမှာ သူပုန်တပ်တွေ ခိုလှုံနေတယ်ဆိုပြီးတော့မှ ယူဆပြီးတော့ ရပ်ရွာတွေကို နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်လာတာတွေရှိပါတယ်။ ဆိုတော့ အဲလိုနယ်မြေရှင်းလင်းတဲ့အခါမှာ အရင်ကထက်ပိုပြီးတော့မှ ပြင်းထန်ရက်စက်မှုတွေရှိလာတယ်။ ဆိုတော့ လူတွေကရွာတွေမှာ မရှိသလောက်ဖြစ်သွားပြီပေါ့။ အကြမ်း အားဖြင့် အဲဒီနားတဝိုက်က ရွာပေါင်း ၂၀ ကျော်လောက်မှာ  လူမဲ့အိမ်တွေ အများကြီးဖြစ်လာတာပေါ့နော်။ အဲဒီတော့ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ရှိတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရက်ခုန်းတိုင်လို့ခေါ်တဲ့ သမီးလှကျေးရွာ နေအိမ် ၁၅ လုံးခန့်မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ကိုးရက်နေ့က အဲဒီရွာထဲကို  တပ်မတော်စစ်ကြောင်းက ဝင်ရောက်သွားချိန်မှာ လူမရှိတဲ့ အိမ် ၈၀ လောက်ထဲက အိမ် ၁၀ လုံးလောက် မီးရှို့ခံထားရတာကိုတွေ့ရပြီး အေအေအဖွဲ့က မီးရှို့တာလို့ တပ်မတော်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေအေအဖွဲ့ရဲ့ ဘတ်တံဆိပ်၊ အလံနဲ့ ကျည်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အေအေအဖွဲ့ကတော့ အိမ်တွေကိုမီးရှို့တာဟာ တပ်တော်ရဲ့လက်ချက်ပဲလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ဘယ်တော့မှမလုပ်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး  ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို မကြာခဏပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ စတင်ပြင်းထန်လာတဲ့ ရခိုင်မြောက်ပိုင်းဒေသက တိုက်ပွဲတွေဟာ အခုဆိုရင်  ရခိုင်ပြည် နယ် အလယ်ပိုင်း အမ်းမြို့နယ်နဲ့  တောင်ပိုင်းဒေသကနေရာအချို့အထိ ထိတွေ့မှုတွေရှိလာနေပါတယ်။

တိုက်ပွဲတွေရပ်စဲရေးအတွက် ထိရောက်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ မတွေ့ရတဲ့အတွက် တိုက်ပွဲတွေဟာ  ရခိုင် တောင်ပိုင်းဒေသတွေအထိ ကျယ်ပြန့်ဖို့ အလားအလာတွေများနေတယ်လို့ ဒေသခံတွေ ကသုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။