ရသေ့တောင်မှာ စစ်ဘေးဒုက္ခသည်တွေထပ်တိုး၊ စားဝတ်နေရေးခက်ခဲနေ

နီမင်းထွန်း
2020.09.24

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော် ထပ်တိုးလာပြီး လက်ရှိမှာသူတို့ရဲ့စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီ ဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကိုပြောပါတယ်။

အခက်အခဲတွေကို တင်ပြလာမယ်ဆိုရင် အကူအညီပေးသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ဘေးဒုက္ခသည်တွေ တစ်နေ့တခြား ပိုတိုးလာလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က မေယုမြစ်ထဲမှာရှိတဲ့ တပ်မတော် ရေယာဉ်ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရာကနေ ရွာတွေထဲကို လက်နက်ကြီးတွေကျပြီး ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေလောင်းတင်ကျေးရွာထဲ လက်နက်ကြီးတွေကျလို့ ရွာသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ရွှေလောင်းတင်ရွာ အပါအဝင် အနီးအနားရွာတွေက လူပေါင်း ၅၀၀၀ ကျော် ထပ်မံထွက်ပြေးလာခဲ့ရတာပါ။ စက်တင်ဘာ ၁၅ ရက်မတိုင်ခင်က ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၉ ထောင်ကျော်ရှိနေတာပါ။  

စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း ထွက်ပြေးလာတဲ့ ဒုက္ခသည် ၅ ထောင်ကျော်နဲ့ဆိုရင် အခု ရသေ့တောင်မြို့နယ် မှာ ဒုက္ခသည် တစ်သောင်းခွဲနီးပါး ရှိနေပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်ထဲက ရွှေလောင်းတင်ကျေးရွာကနေ ထွက်ပြေးလာ တဲ့ ဦးစိုးလင်းကတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ အခက်အခဲတွေရှိပေမယ့် ရွာအနီး တိုက်ပွဲတွေရှိနေလို့ နေအိမ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ရွာမှာနေတုန်းက လက်နက်ကြီးတွေကျတယ်။ လူတစ်ယောက်လည်း သေသွားတယ်။ နောက်နှစ်ယောက် ဒဏ်ရာရတယ်။ အိမ်တစ်ဆောင်လည်း အကုန်လုံး ပျက်စီးသွားတယ်။ အဲဒါကြောင့် တစ်ရွာလုံး ထွက်ပြေးနေကြရတယ်။ အခု ကျွန်တော်တို့က ရေပိုက်ဆုံကျေးရွာမှာ နေကြတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အဲဒီမှာ မဆန့်လို့ ရေပိုက်ဆုံရွာက အိမ်တိုင်းအိမ်တိုင်းမှာ တောင်းပြီးတော့နေကြတယ်။ ငှားတဲ့သူတွေကလည်း ငှားလို့နေကြတယ်။ မတက်နိုင်ရင်လည်း တက်နိုင်သလိုပေါ့။ ကျွန်တော်တို့ အိမ်ပြန်ဖို့ဆိုက အခုပြောနေရင်းနဲ့တောင် ပစ်လို့ဆင်းလာပြီ။ ဇက်ရေယာဉ်ကလေ ပစ်လို့ဆင်းလာပြီဆိုတော့ ရွာကိုပြန်သွားဖို့က ခန့်မှန်းလို့တောင် မရဘူး။ သူတို့က ဆင်းရင်းလည်း ပစ်တယ်။ တက်ရင်လည်း ပစ်တယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုနေရဲမလဲ”

ထွက်ပြေးလာကြသူတွေထဲ အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ ကျေးရွာ၊ ဦးဂါကျေးရွာနဲ့ တခြားနီးစပ်ရာ ဒေသတွေမှာ ခိုလှုံနေကြပါတယ်။

ကလေးငယ်တွေ ဝမ်းရောဂါဖြစ်နေတာတွေလည်း ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ဆောင်ရွက် ပေးနေတဲ့ ဒေါ်မိုးချေက RFA ကိုပြောပါတယ်။

“အခုထွက်ပြေးလာတဲ့အထဲမှာ ကလေးတွေနဲ့ အများသမီးတွေကပိုများတယ်။ ဘာလို့လဲဆိုရင် ကလေးတွေ ကိုလုံခြုံဖို့အတွက် အဲဒီမိန်းမတွေက ကလေးတွေနဲ့ထွက်ပြေးလာရတယ်။ ယောကျာ်းတွေဆိုလို့ရှိရင် ရွာမှာနေနေတယ်။ စစ်ကြောင်းတွေဝင်လာလို့ရှိရင် သူတို့က ထွက်ပြေးတယ်။ ကြောက်လို့ မနေရဲဘူး။ သူတို့က အိမ်ကို စိတ်မချလို့ ယောကျာ်းတွေက ရွာမှာပဲနေနေကြတယ်။ အခက်အခဲကတော့ တော်တော် များများ အခက်အခဲဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒီမှာမိုးရွာတာနဲ့ ပြီးတော့ စခန်းတွေရေနစ်တာတွေ ရှိတယ်။ ကလေးတွေက ဝမ်းလျှောပြီးတော့ ကျန်းမာရေးမကောင်းဖြစ်နေတာတွေ လည်းရှိပါတယ်။ နေရထိုင်ရတာက လုံးဝအဆင်မပြေဘူး။ လူတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတော့ နေရတဲ့နေရာက ကျည်းတယ် လူကများတယ်။ အဲဒီလိုဖြစ်နေတာလေ”

ရသေ့တောင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးဖို့ ရခိုင်ပြည်နယ် အစိုးရထံ မနေ့က တင်ပြလိုက်ပြီလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ကပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က ရွှေလောင်းတင်ကျေးရွာမှာ လက်နက်ကြီးအမြှောက်ဆံကျလို့ တစ်ယောက်ဆုံးတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အဲဒီကိစ္စဖြစ်ပြီးတော့ ပိုလို့များလာတယ်။ ဟိုတုန်းကတော့ အဲဒီရွာနားကလူ ငါးထောင်လောက် စစ်ဘေးရှောင်နေတယ်။ အရင်တုန်းကလည်း နှစ်ထောင်၊ သုံးထောင် စစ်တွေမြို့နဲ့ ရသေ့တောင်မြို့ကိုထွက်ပြေးလို့ရှိတယ်။ ရသေ့တောင်မြို့ပေါ်မှာလည်း စစ်ဘေးဒုက္ခသည်တွေကို လက်မခံတော့ဘူး။ နေရာကတော်တော် ကြပ်တည်းသွားပြီ။ စစ်တွေမှာလည်း ဒီအတိုင်းပဲ။ ဒီတော့ လူတွေတော်တော် ဒုက္ခရောက်တယ်။ ရပိုက်ဆုံကျေးရွာ ဘုန်းကြီးကျောင်းမှာ နောက်ပြီးစာသင်ကျောင်းမှာ လူတစ်ထောင်နီးပါး လောက်ရှိတယ်။ နေတာထိုင်တာ၊ စားတာ အကုန်လုံး အခက်အခဲရှိတယ်။ အဲဒါကြောင့် မကြာမကြာ ခဏခဏ ပြေးနေရတယ်။ အဲဒါကြောင့် အဲဒီကျွန်းပေါ်မှာ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုဖွင့်ဖို့ဟာကို အစိုးရကို တင်ပြထားတယ်။ အဲဒီသုံးရွာပေါင်း ငါးထောင်လောက်ရှိတယ်”

အစိုးရမှာတာဝန်ရှိပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ ရသေ့တောင်အမတ် ဦးခင်မောင်လတ် က မျှော်လင့်နေပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးတွေအတွက် တင်ပြအကူအညီတောင်းလာမယ်ဆိုရင် အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“စာတင်တာကတော့ ကျွန်တော့်ဆီတင်တာ မဟုတ်ဘူး။ ဝန်ကြီးချုပ်ဆီကို တင်မှာပေါ့။ ဝန်ကြီးချုပ်ဆီကို တင်ရင် လုပ်တောင်ပေးနိုင်တာကိုတော့ လုပ်ဆောင်ပေးမှပေါ့။ မနက်ဖြန် အစည်းအဝေး တက်ချင်တက် လာမှာပေါ့။ ပေးနေတာက အမြဲတမ်းပေးနေတာပဲ။ အမြဲတမ်း ဖြေကြားပေးနေတာပဲလေ။ လုပ်ပေးသင့် တဲ့ဟာကို လုပ်ပေးထားတာပဲ။ ဒီလိုမျိုး အခက်အခဲဖြစ်နေတာကို တင်ပြလာတာနဲ့ လုပ်ပေးနေတာပဲ ဒါတွေက”

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းအရ ရခိုင်ပြည်နယ်မှာ စခန်းတွင်းနဲ့ စခန်းပြင်ပမှာပါ စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ နှစ်သိန်းတစ်သောင်းကျော် ရှိနေပါပြီ။


ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေမှာတော့ ပြီးခဲ့တဲ့ စက်တင်လ ၁၁ ရက်နေ့အထိ လူပေါင်း ၇၆ဝဝဝ ကျော်ဟာ ယာယီစုရပ်ပေါင်း ၁၅၄ ခုနဲ့ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။