ရခိုင်မှာ တိုက်ပွဲတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး ခက်ခဲနေ

2020-09-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေ့ နေစဉ်နဲ့အမျှ တိုးလာနေသလို စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေ နေ့စဉ်နဲ့အမျှ တိုးနေပါတယ်။

တိုက်ပွဲတွေ မရပ်ရင် ကပ်ရောဂါထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တွေက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၂၅၈ ဦးနဲ့ သေဆုံးလူနာ သုံးဦးအထိရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာတွေ တစ်နေ့တခြားတိုးလာသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒီလအတွင်း ရသေ့တောင်မြို့နယ် အပါအဝင် တခြားဒေသတွေက လူပေါင်းသောင်းချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ရတဲ့နေရာမှာ နေထိုင်ရတာကြောင့် အစိုးရက ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်နိုင်တဲ့ အခြေအနေ မရှိဘဲ ပိုးကူးစက်မှုကို ထိန်းချုပ်ဖို့ အခက်အခဲဖြစ်နေတာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ရွှေလောင်းတင်၊ ကူတောင်နဲ့အနီး တဝိုက် ကျွေးရွာတွေက ဒေသခံနှစ်ထောင်ကျော်ဟာ စစ်တွေမြို့နဲ့ တခြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။

အဲဒီလိုပြေးလာသူတွေဟာ ပိုမို လုံခြုံတဲ့နေရာ ရောက်နေပေမယ့် နေရာသစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် များတဲ့နေရာဖြစ်နေတယ်လို့ ရသေ့တောင်မြို့နယ်က  ဆရာဝန် ဒေါက်တာ တင်မြင့်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မိုးစဲကျွန်းကလူတွေပေါ့။ အဲဒီမိုးစဲကျွန်းက လူတွေက ပစ်ကြခတ်ကြတဲ့အခါ စစ်တွေဘက်ကို ပြေးကြတယ်လေ။ စစ်တွေဘက်ကတော့ သိတဲ့အတိုင်းပဲ ကိုဗစ် အဖြစ်အများဆုံးဒေသ။ အဲဒီနေရာက အလုံခြုံဆုံးဖြစ်တဲ့အတွက် အဲဒီဘက်ကို ပြေးကြတဲ့အချိန်မှာ သူတို့က ကိုဗစ်ကူးစက်နိုင်ခြေက အရမ်းများ သွားပြီပေါ့။ Stay Home ကာလကို သူတို့ ချိုးဖောက်ရပြီလေ။ သူတို့ပြန်လာတဲ့အခါမှာလည်း ရောဂါပိုး မွှားတွေ အများကြီး ပြန်ပါလာနိုင်တယ်ပေါ့။ ရသေ့တောင်မြို့နယ်ထဲမှာတော့ အခုလောလောဆယ် ကိုဗစ်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်သေးတယ်ပေါ့။ အဲဒါလည်း နည်းနည်းပျက်စီးသွားနိုင်တယ်။ စိုးရိမ်စရာက ကောင်းတာပဲလေ။ သူတို့ပြန်ဝင်လာရင် ကိုဗစ်ကူးစက်ခံရတဲ့သူတွေလည်း ပါဝင်လာနိုင်တယ်။ ပြီးတော့ အနံ့မရတာတို့၊ ဖျားတာတို့ အဲဒီလူနာတွေလည်း ပါလာနိုင်တယ်ပေါ့။ အဲဒီကဆင့် ဒေသမှာ ကူးစက်ပျံ့သွားလို့ရှိရင် အရမ်းစိုးရိမ်စရာကောင်းတာပေါ့”

ရသေ့တောင်ကနေ ထွက်ပြေးလာရသူ အများစုဟာ စစ်တွေမြို့က သောဗိတာရာမကျောင်း စစ်ဘေးဒုက္ခသည် စခန်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြပါတယ်။

ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာကနေ စစ်တွေကို ရောက်လာတဲ့ ဦးငြိမ်းချမ်းကတော့ ကိုရိုနာဗိုင်းရပ်စ်ထက် ကျည်ဆန်ကို ပိုကြောက်ရတယ်လို့ ပြောပါတယ်။

“စစ်တွေမြို့ကို ထွက်ပြေးလာရတာက ရွာကိုလက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ စစ်သားတွေကလည်း ကမ်းပေါ်ကိုတက်လာတော့ ကြောက်လို့ အကုန်လုံး ထွက်ပြေးကြတာပါ။ ကိုဗစ်က ရောဂါဖြစ်မှ သေချင်မှ သေမယ်၊ မသေချင်ရင် မသေဘူး။ ရောဂါဖြစ်လို့သေတာက နည်းတယ်။ လက်နက်ကြီးလာကျရင် အကုန်လုံးသေပြီ။ အဲဒါကြောင့် ကိုဗစ်ထက် လက်နက်ကြီးကို ပိုကြောက်ရလို့ စစ်တွေမြို့ကို လာခိုတာဖြစ်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခမရောက်အောင်အတက်နိုင်ဆုံး လုပ်ပေးစေချင်တယ်။ သူတို့ဘာသာသူတို့ လက်နက်ကိုင် အချင်းချင်းဖြစ်ချင်သလိုဖြစ်ကြ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ဘာသာ သူတို့အချင်းချင်း ဖြစ်ကြတဲ့အထဲမှာ ပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာ မဖြစ်စေချင်ဘူး”

လူတွေအစုလိုက် အပြုံလိုက်ထွက်ပြေးလာတာဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ အခက်အခဲဖြစ်စေတယ်လို့ စစ်တွေဆေးရုံက  အထူးကုဆရာဝန် ဒေါက်တာ အောင်နိုင်လင်းက RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေဆိုတာက သိတဲ့အတိုင်းပဲလေ။ အသက်လုပြီးတော့ ပြေးလာကြတာပေါ့နော်။ ကိုဗစ်ကို ဆောင်ရန်ရှောင်ရန်တွေက လူတိုင်းသိပြီးသားပါ။ ဆက်ပြောရမယ်ဆိုရင်လည်း စစ်ဘေးရှောင်တွေက သိတဲ့အတိုင်းပဲ။ အသက်လုပြီး ပြေးလာကြတယ်။ Stay at home ဆိုရင်လည်း အိမ်ကို ပစ်ထားခဲ့ပြီ။ ဒုက္ခသည်စခန်းမှာ၊ ဘုန်းကြီးကျောင်းမှာ လူတွေအစုလိုက်အပြုံလိုက် ရောက်နေကြတယ်။ သူတို့က ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ တည်းခိုနေရတော့ သူတို့အတွက် နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့၊ အိမ်မှာနေဖို့ဆိုတဲ့ ကာကွယ်တားဆီးရေး နည်းလမ်းတွေကို လုပ်နိုင်စရာအကြောင်း မရှိတော့ဘူး။ အဲဒါမျိုးကတော့ တအားကြီး အန္တရာယ်များတယ်။ တစ်ယောက်ယောက်များ သူတို့ထဲမှာ ကူးစက်ခံခဲ့ရပြီဆိုရင် လူတွေ အစုလိုက်အပြုံလိုက် ကူးစက်သွားမယ်အခြေအနေမျိုးတွေ ဖြစ်သွားတာ ပေါ့နော်။ အတက်နိုင်ဆုံးတော့ဗျာ ကိုဗစ်ကာလာမှာ ဒီလိုမျိုး တိုက်ပွဲတွေဖြစ်နေတာကတော့ ကျွန်တော်တို့ရဲ့ ကိုဗစ်ထိန်းချုပ်ရေးမှာ အများကြီး နှောင့်နှေးစေတာပေါ့”

ဒေါက်တာ အောင်နိုင်လင်းဟာ ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် မိမိဆန္ဒအလျောက် စစ်တွေဆေးရုံကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသူဖြစ်ပါတယ်။

ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရခိုင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့  အခက်အခဲကြီးနှစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အိတ်အပေါက်နဲ့ ဖားကောက်နေသလိုပဲပေါ့နော်။ တစ်ဖက်မှာကျတော့ ကျွန်တော်တို့မှာ ရှိသမျှ အရင်းအမြစ်တွေ၊ ရှိသမျှအင်အားတွေနဲ့ ပုံအောပြီးတော့မှ ဒီရောဂါဒီထက်မပြန့်ပွားရအောင် ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေရတယ်။ အစား ကောင်းကောင်း မစားရ၊ မအိပ်ရ။ ဘာအကာအကွယ်ပစ္စည်းမှ မရှိ။ ဘာကျန်းမာရေး ဗဟုသုတအရလည်း သတင်းအချက်အလက် သိရှိပိုင်ခွင့်မရှိဘူး။ အဲဒီလိုဖြစ်နေတာပေါ့။ ဆိုတဲ့အခါကျတော့ ဒီတိုက်ပွဲတွေကြား ထဲမှာ အခြားသူတွေနဲ့ အတူတကွ ပြေးရင်းလွှားရင်းနဲ့ ကိုဗစ်ပိုးရှိနေနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ဒီရောဂါကူးစက် မြန်ပုံမျိုးနဲ့ဆိုရင် လူစုလူဝေး အကုန်လုံးကို ကူးစက် ပျံ့နှံ့သွားနိုင်မယ့်အခြေအနေရှိတယ်”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကလည်း  တိုက်ပွဲမဖြစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အစုလိုက်အပြုံလိုက် ထွက်ပြေးရခြင်းသည် ဘာကြောင့်လဲဆိုတဲ့ အရင်းအမြစ်က အရေးကြီးတယ်။ ကျနော် မြင်တာက အရင်းအမြစ် မပြေလည်သေးသရွေ့ကတော့ ဒါတွေဖြစ်နေမှာပဲ။ ဘာကြောင့် ပြေးရသလဲ အကြောင်းအရင်းကို လိုက်ရှာကြည့်လိုက်၊ တိုက်ပွဲတွေဖြစ်နေတယ်။ အလိုအလျောက် ထွက်ပြေးနေရတာ တော့ မဟုတ်ဘူး။ ဒါကြောင့်မို့ တိုက်ပွဲတွေမဖြစ်ဖို့ အရေးကြီးတယ်။ တိုက်ပွဲတွေ မဖြစ်ရင် အဲဒီလူတွေ ထွက်ပြေးစရာ အကြောင်းမရှိဘူး၊ ကျွန်တော်မြင်တာကတော့။ ဒါကြောင့်မို့ တိုက်ပွဲမဖြစ်ဖို့ စစ်တိုင်းမှူးတွေ နဲ့ပဲ သက်ဆိုင်လိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ကတော့ စစ်တိုင်းမှူးတွေကိုလည်း အမိန့်ပေးလို့ မရဘူး”

ရခိုင်ပြည်နယ် အစိုးရအနေနဲ့တော့ ထွက်ပြေးလာတဲ့သူတွေကို ထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့နဲ့ မပြန့်ပွားဖို့ကိုလည်း အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တပ်မတော်ကတော့   ရခိုင်ဒေသမှာ အပစ်ရပ်ချင်ပေမယ့် လက်တွေ့မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ RFA က မေးမြန်ရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

“တပ်မတော်အနေနဲ့ ဒီရေယာဉ်တွေကို ပစ်ခတ်မှုမရှိရင် ပစ်ခတ်စရာ အကြောင်း မရှိဘူး။ ဒီရေယာဉ်တွေကို ပစ်ခတ်တဲ့အတွက် ပစ်ခတ်ရခြင်းဖြစ်တယ်။ ပစ်ခတ်ခဲ့တဲ့အခါမှာ ၁၀၇ မီလီမီတာ ဒုံးသီးတွေ၊ အာပီဂျီ၊ စက်လတ် ဒါတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြောလိုတာကတော့ ဒီဒေသမှာ အရပ်ဝတ်တွေနဲ့ တိုက်ပွဲဆင်နွဲနေတာတွေ၊ ရွာထဲကနေ ထွက်ပြီးပစ်နေတာတွေ၊ စစ်ရေယာဉ်တွေ ဖြတ်သွား ဖြတ်လာတိုင်းမှာ ပစ်နေတာတွေ ရှိပါတယ်။  ဒါမျိုးပစ်ခတ်လာရင် တပ်မတော်သားမှ မဟုတ်ပါဘူး၊ ကျန်တဲ့သူတွေမှာလည်း မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်”

ကပ်ဘေးကာလအတွင်း တိုက်ပွဲတွေ ရပ်တန့်ထားဖို့ကို ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်းဆိုနေတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ တပ်မတော်အနေနဲ့ ရခိုင်ဒေသမှာ အင်အားတိုးချဲ့လာတာနဲ့ ထိုးစစ်ဆင်နေတာတွေကြောင့် တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲဒီကိစ္စတွေကို ရပ်တန့်လိုက်မယ်ဆိုရင် တိုက်ပွဲတွေရပ်တန့်သွားမယ်လို့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက ပိုးတွေ့လူနာတွေ ရှိနေတဲ့ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အခု စက်တင်ဘာလအတွင်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ခန့်မှန်းထားပါတယ်။၏

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်းကလည်း လက်ရှိအချိန်အထိ နှစ်သိန်း တစ်သောင်းကျော် လောက်ရှိနေပြီလို့ REC က ဆိုပါတယ်။

တပ်မတော်နဲ့ AA နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အပစ်အခတ်တွေ ရပ်ဆိုင်းထားတာကသာ ဒေသခံတွေ ထွက်ပြေးရတာနဲ့ ပိုးကူးစက်မှု အန္တရာယ်ကို တားဆီးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းလို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့