ပအိုဝ်းရွာသား ၅ ဦးသေဆုံးမှု စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ့်ဟူးရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ RCSS /SSA အဖွဲ့က ကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ ဒီနေ့မနက်က တောင်ကြီးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရွာသားတွေကို သတ်ဖြတ်ခဲ့မှုကျူးလွန်တဲ့ RCSS/SSA အဖွဲ့ကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ အရေးယူပေးဖို့နဲ့ ဒေသခံတိုင်းရင်းသားတွေ လုံခြုံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကူညီပေးဖို့စတဲ့အချက် ၂ ချက်ကို တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ နန်းကြယ်စင်က ပြောပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို နန့်စမ့်၊ လွိုင်လင်၊ ပင်လုံ၊ ပင်လောင်း၊ နောင်တရား၊ တောင်ကြီး စတဲ့မြို့နယ်တွေက ပအိုဝ်း တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပြီး RCSS/ SSA အလိုမရှိ၊ စစ်ရာဇဝတ် ကျူးလွန်သူအရေးယူ၊ လူသတ်မှု အလိုမရှိ ၊ အရပ်သားသတ်ဖြတ်မှု ရပ်တန့်ရေး ဒို့အရေးစတာတွေကို ကြွေးကြော်ကာ တောင်ကြီးမြို့မှာ လှည့်လည်ဆန္ဒပြခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က နမ်းဟူးကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသား ၃ ဦးကို RCSS အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့အတွက် ရွာသားတွေက သွားရောက်တောင်းဆိုရာမှာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာသား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS က ဒီနမ်းဟူး ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ သေဆုံးသွားတာတွေဟာ ရွာသားတွေမဟုတ်ဘဲ ပအိုဝ်ကိုယ်ရင်လေးအဖွဲ့ ပြည်သူစစ်အဖွဲ့ကဖြစ်ကြောင်း၊ ကိုယ်ရင်လေးတပ်ဖွဲ့ဘက်က ဓားနဲ့ဝင်ခုတ်တာကြောင့် ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ရာတာဖြစ်ကြောင်းနဲ့ ဓားနဲ့ခုတ်ခံရတာကြောင့် RCSS တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရကာ ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက် တစ်စောင် ထုတ်ထားပါတယ်။

ဒီဆန္ဒပြပွဲဟာ ဖြစ်စဉ်အမှန်ကိုလျစ်လျူရှုပြီး မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ နောက်နောက်ကွယ်က အဖွဲ့အစည်းတစ်ခုက သွေးထိုးလှုံဆော်မှုတွေကြောင့် ပအိုဝ်အမည်ခံ ဆန္ဒပြတာကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။