RCSS နဲ့ တပ်မတော် မိုင်းကိုင်မှာ တိုက်ပွဲဖြစ် ဒေသခံတို့ ထွက်​ပြေးရ

ဖြူဖြူခိုင်
2020.02.29
rcss-ssa-622.jpg RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နဲ့တိုက်ပွဲဖြစ်နေပြီး အရာရှိနဲ့ တပ်သားတချို့ ကျဆုံးသွားတယ်လို့ တပ်က ​ပြောပါတယ်။ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးရပါတယ်။

တပ်မတော်က မိုင်းကိုင်မြို့ထဲ မူးယစ်ဆေးဝါးရှင်းလင်းဖို့သွားချိန်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က သေဆုံးဒဏ်ရာရတာ တွေရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“RCSS က သူတို့စခန်းတွေကို ကျွန်တော်တို့က လာတိုက်လို့လို့ စွပ်စွဲထားတယ်။ မမှန်ပါဘူး။ ကျွန်တော်တို့ သွားရောက်ချိန်မှာ သူတို့က စတင်ပြီးပစ်ခတ်လို့ ကျွန်တော်တို့ဆီက အရာရှိနဲ့ စစ်သည်အချို့ ကျဆုံးခဲ့တယ်။ အချို့ ဒဏ်ရာရခဲ့တယ်။ ”

သေဆုံး ဒဏ်ရာရသူ စာရင်းအတိအကျကိုတော့ တပ်မတော်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

RCSS ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွားတဲ့သတင်းသာ ရရှိထားပြီး အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ပြောပါတယ်။

NCA စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS အနေနဲ့ စာချုပ်ပါ စစ်ဘက်ဆိုင်ရာ ကျင့်၀တ်တွေကို လိုက်နာဖို့ လိုတယ်လို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ဟမ်းငိုက်ကျေးရွာအနီးက RCSS တပ်စခန်းကို တပ်မတော်ဘက်က တပ်ရင်း လေးရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ RCSS က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ RCSS အဖွဲ့စခန်းရှိတဲ့ လွိုင်တွမ်းတောင်အနီးကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေရှိနေပါတယ်။

တိုက်ပွဲရက်ကြာနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

“တပ်မတော်ဘက်က ဆက်ပြီးထိုးစစ်ဆင်နေမယ်ဆိုရင် တိုက်ပွဲကကြာရှည်နိုင်တယ်။ အင်အား ထပ်ဖြည့်နေတယ်။ မိုင်းကိုင်ဘက်ကို ကားဆယ်စီး လူအပြည့်နဲ့ထပ်သွားနေတယ်လို့ ကြားသိရတယ်။ ဆိုလိုချင်တာက အင်အားထပ်ဖြည့်နေတဲ့ သဘောပေါ့နော်။”

တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့ လွိုင်တွမ်းတောင်ဟာ မိုင်းကိုင်၊ ကျေးသီး၊ သီပေါမြို့နယ်တွေရဲ့ အစပ်တောင်ကြောဖြစ်ပါတယ်။

ဒီတောင်ကြောပေါ်  တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိနေပြီလို့  ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်းက ပြောပါတယ်။

“အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ တစ်ချက်တစ်ချက် မြို့ကနေတောင် ကြားနေရတယ်။ တပ်မတော်ဘက်က လေယာဉ်တွေနဲ့ အဲဒီတောင်နားမှာ ဝဲနေတယ်။ အခုထက်ထိ ဝဲနေတုန်းပဲ။ ပြီးတော့သီပေါ မြို့နယ်ဘက်က တပ်မတော်က အဲဒီတောင်ပေါ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ”

လက်နက်ကြီးသံတွေကြောင့် လွိုင်တောင်းတောင်အနီးက ကျေးရွာတွေဖြစ်တဲ့ ကောင်းမူး၊ နားနွဲ့၊ မက်မန်း၊ ဟွေမောင်နဲ့ ပါတက်ရွာက ဒေသခံတချို့ ကျေးသီးမြို့ပေါ်ကို ထွက်ပြေးနေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ကျေးရွာတွေဟာ တယ်လီဖုန်းဆက်သွယ်ရေး ခက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက် အတိအကျကို သိရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့ဟာ အခုဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မတ်လ ဒုတိယအပတ်မှာလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းမှု ဆွေးနွေးရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေး တက်ရောက်ဖို့ ဆုံးဖြတ်ထားတာကို ပြန်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အရှိန်ကောင်းနေတဲ့အချိန် အခုလို တိုက်ပွဲဖြစ်လာတာတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနိုင်တယ်လို့ သုံးသပ်သူကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပါ။

“RCSS နဲ့ တပ်မတော်ကြား တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိတာ အခြေခံအချက် ဖြစ်လ်ိမ့်မယ်။ တပ်မတော်ဘက်ကလည်း RCSS ကိုနေရာချပေးထားတာ အဲဒီနေရာမှာမဟုတ်ဘူး။ RCSS ကလည်း ဒါသူတို့နေရာဖြစ်တယ်ဆိုပြီး အငြင်းပွားမှု ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိတာ ပထမအချက်လို့ ပြောလို့ရမယ်။”

တပ်မတော်ဟာ RCSS နဲ့ တင်မက  KNU တပ်မဟာ ၅ ဧရိယာမှာလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာပါ။ ဒါတွေကို မထိန်းချုပ်နိုင်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။