SSPP နဲ့ဆက်သွယ်တဲ့ရွာသားတွေကို ဖမ်းဆီးတဲ့သတင်း RCSS အတည်မပြု


2018.11.07
saioo-rcss-ssa-622.jpg ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး စိုင်းဦး ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ့်ခမ်းဒေသဘက်က ဒေသခံပြည်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ဆက်သွယ်တယ်ဆိုပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က ဖမ်းဆီးနေတယ်ဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ RCSS ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောပါတယ်။

သီပေါနဲ့ နမ့်ခမ်းဒေသဘက်က ဒေသခံပြည်သူ ၃၀ လောက်ကို SSPP နဲ့ ဆက်သွယ်မှုနဲ့  RCSS/ SSA က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး RFA ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေကိုတော့ မကြားသေးကြောင်းနဲ့ ဒါပေမဲ့ နှစ်ဖက်တပ် လှုပ်ရှားမှုနယ်မြေတွေမှာ ဖမ်းဆီးမှုတွေတော့ ရှိကောင်းရှိနိုင်ကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်သူလူထုတွေ လိုလားနေကြတဲ့ ရှမ်းလူမျိုးအချင်းချင်း စစ်မဖြစ်ပွားဘဲ ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

RCSS/ SSA တောင်ပိုင်းအဖွဲ့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး SSPP/SSA အဖွဲ့ကတော့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။