ငြိမ်းချမ်းရေးတစ်ဆို့နေရတာ တပ်မတော်ကြောင့်လို့ RCSS ထုတ်ပြန်

ဇာဏီထွဏ်း
2019.10.27
ywat-sit-622.jpg RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ကျင်းပတဲ့ PPST အစည်းအဝေးမှာတွေ့ရစဉ်
Photo: Aung Moe Myint/RFA

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်ဆို့နေရတဲ့ အကြောင်းရင်းဟာ တပ်မတော်က အပစ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်တွေအပေါ် လေးစားလိုက်နာမှု မရှိဘဲ ချိုးဖောက်နေတာကြောင့်လို့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

နေပြည်တော်မှာ မနက်ဖြန် ကျင်းပမယ့် အပစ်ရပ်လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ မတက်ရောက်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ထားတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ - ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ကိုယ်စားလှယ်တွေ သွားလာမယ့် ကားလမ်းကြောင်းမှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ ပြောကြားတာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လေးနှစ်ပြည့်ပွဲ မတက်ရောက်တာဟာလည်း တပ်မတော်က လက်တွဲကူညီမှုမရှိတဲ့အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီး ခဲ့တာကြောင့်ဖြစ်တယ်လို့ RCSS က ဆိုပါတယ်။

တာချီလိတ်ကနေ သွားမယ်ဆိုရင် ထိုင်းအာဏာပိုင်တွေဆီကို ခွင့်ပြုချက် သုံးရက်မှ ငါးရက်အတွင်း ကြိုတင် အကြောင်းကြား ခွင့်တောင်းရမှာဖြစ်တာကြောင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချူပ် NCA လက်မှတ်ရေး ထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အချိန်မမီတာကြောင့် မတက်ရောက်နိုင်တာဖြစ်တယ်လို့ RCSS က သတင်းထုတ်ပြန်ပါတယ်။

RCSS အဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပမယ့် NCA လေးနှစ်မြောက်အခမ်းနားကိုတက်ဖို့ ဌာနချုပ် လွိုင်တိုင်းလျန်း ကနေ ဟိုမိန်း-တောင်ကြီး လမ်းကြောင်းကနေလာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဗိုလ်ချူပ်ကြီး ယွက်စစ်နဲ့ ကိုယ်စားလှယ် ၁၁ ယောက်တို့ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ကို ရောက်ရှိနေချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာချီလိတ်လမ်းကြောင်းကသာလာဖို့ ပြောကြားလာတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RCSS ရဲ့ ခရီးစဉ်လမ်းကြောင်းကို အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဗဟိုဌာန NRPC ထံ အောက်တိုဘာ ၁၀ ရက်ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကြိုတင်အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

တပ်မတော်ဘက်က ခရီးစဉ်ကို ပြောင်းလဲခိုင်းလိုက်တာဟာ ဗိုလ်ချူပ်ကြီး ယွက်စစ်တို့ ဟိုမိန်းမြို့က ဖြတ်သန်းသွား လာရင် လူထုက ဝိုင်းကြိုဆိုပြီး စည်းရုံးရေးရယူမှာကို စိုးရိမ်တာ၊ နိုင်ငံတော်အစိုးရ အကြီးအကဲတွေနဲ့ တပ်မတော် အကြား အပြန်လှန်နားလည်မှု မရှိတာကြောင့် အစိုးရအဖွဲ့အပေါ် ယုံကြည်မှုပျက်အောင်ဆောင်ရွက်တာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပေါ် မျက်ကွယ်ပြု ချိုးဖောက်တာဖြစ် တယ်လို့ RCSS က သုံးသပ်ထားပါတယ်။

လူထုနဲ့ RCSS ခေါင်းဆောင်တို့ တွေ့ဆုံမှာကို တားမြစ်ဖို့မရှိကြောင်း၊ NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ခေါင်းဆောင်တွေ အားလုံးကို လေးနှစ်ပြည့်အခမ်းအနားကို တက်စေချင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

RCSS အဖွဲ့ကတော့ ကူညီပေးတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဦးဇော်ဌေးတို့ကို ကျေးဇူးတင်တဲ့အကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတက်နိုင်တာဟာ တပ်မတော်ကနေ လက်တွဲကူညီတာမရှိတဲ့ အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။