တပ်ခေါင်းဆောင်တွေ NRPC ခေါင်းဆောင်တွေနဲ့ RCSS တေ့ွဆုံမည်
2019.01.14
အစိုးရငြိမ်းချမ်းရေးကော်မရှင် နဲ့ RCSS ခေါင်းဆောင်တွေ ၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံစဉ်
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန NRPC က ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေကို နေပြည်တော်မှာ သီးခြားစီ အမြန်ဆုံး တွေ့ဆုံသွားမယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင် နဲ့ RCSS ခေါင်းဆောင်တွေ နှစ်နာရီကြာ အလွတ်သဘော တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို ရှင်းလင်းပြောကြားရာမှာ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
တေ့ွဆုံမယ့် နေ့ရက်ကိုတော့ အတိအကျ ပြောကြားနိုင်ခြင်းမရှိသေးဘဲ တေ့ွတဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ ကိစ္စရပ်တွေနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ နေ့လယ်ပိုင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်တွေနဲ့လည်း တေ့ွဆုံခဲ့ပါတယ်။
ကော်မရှင်ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က ချင်းမိုင်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ တေ့ွဆုံခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။









