မလေးရှားရောက် ဒုက္ခသည် ကလေးငယ်တွေ ပညာရေး အခက်တွေ့


2015.04.19

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ ကလေးငယ် ၆၄ ရာနှုန်းဟာ ပညာသင်ကြား ခွင့် ငြင်းပယ်ခံနေကြပြီး၊ ၃၆ ရာနှုန်းသာ ကျောင်းတက်ခွင့် ရရှိကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ မလေးရှားရောက် ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြ ပါတယ်။

ဒီနှစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအထိ UNHCR က မှတ်ပုံတင်ပေးထားတဲ့ ဒုက္ခသည်ဦးရေ တစ်သိန်းခွဲကျော်ရှိပြီး၊ အဲ့ဒီထဲက တစ်သောင်းခွဲကျော်ဟာ အသက် ၆ နှစ်ကနေ ၁၇ နှစ် ကြား ကျောင်းနေကြရမယ့် အရွယ်တွေဖြစ်တယ် လို့ UNHCR က ပြောပါတယ်။

မလေးရှားဥပဒေမှာ စီးပွားရေးအရ နေရာရွှေ့ပြောင်းလာကြသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကာကွယ် စောင့်ရှောက်မှု လိုအပ်နေတဲ့ ဒုက္ခသည်တွေကြား ခွဲခြားသတ်မှတ်မထားတာကလည်း ကလေးတွေ ကျောင်းမနေနိုင်ရတဲ့ အကြောင်းတစ်ချက်ဖြစ်တယ်လို့ UNHCR ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

ဒါကြောင့် မလေးရှားရဲ့ တရားဝင် အမျိုးသားပညာရေးစနစ်နဲ့ မသက်ဆိုင်တဲ့ ဒုက္ခသည်ကလေးတွေ အတွက် သီးသန့်ပညာရး စနစ်တစ်ရပ်အပြိုင်ထူထောင်ဖို့ လိုအပ်နေကြောင်းလည်း ပြောဆိုပါတယ်။

အခုလက်တလောအနေနဲ့ မလေးရှားမှာ ဒုက္ခသည်အသိုင်းအဝိုင်းက ထူထောင်ထားတဲ့ ကျောင်းပေါင်း ၁၂ဝ ကျော်ရှိပြီး၊ ကျောင်းတက်နေသူ ကလေးငယ် ၆ ထောင်ကျော်ရှိနေပါတယ်။

ဒါပေမဲ့ ဒုက္ခသည် ကလေးငယ်တွေအတွက် ရှေ့အနာဂတ်အတွက် လမ်းမရှိပဲဖြစ်နေတယ်လို့ UNHCR ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။