မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်
2012.03.26
စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေကို ဂျပန်နိုင်ငံက လက်ခံခေါ်ယူခဲ့ရာမှာ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီခဲ့တာကြောင့် နောက်ထပ် ဒုက္ခသည် စခန်းနှစ်ခုကပါ တိုးချဲ့ခေါ်ယူမှာဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်က စတင်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ မြန်မာဒုက္ခသည် လက်ခံ နေရာချထားရေး အစီအစဉ်ဟာ နောက်နှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် ၃ နှစ်အတွင်း တစ်နှစ်ကို လူ ၃၀ နှုန်းနဲ့ မြန်မာဒုက္ခသည် ဦးရေ ၉၀ လက်ခံဖို့ သတ်မှတ်ထားတာပါ။
အခုထိ မယ်လစခန်းက ဒုက္ခသည် မိသားစု ၉ စု၊ လူဦးရေ စုစုပေါင်း ၄၅ ယောက်ကို ဂျပန်နိုင်ငံမှာ နေရာချထားခဲ့ဲပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်အတွက် လျှောက်ထားသူက မိသားစု နှစ်စုသာ ရှိနေသေးပြီး၊ စုစုပေါင်း လူ ၁၀ယောက် ဖြစ်ပါတယ်။
အဲဒါကြောင့် အုန်းဖျန်နဲ့ နို့ဘိုး ဒုက္ခသည် စခန်းတွေကပါ ခေါ်ယူဖို့ ဂျပန်အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။









