ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်
2013.04.23

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် ကရင်ပြည်နယ်အတွင်းမှာ ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြော ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်တလျောက် မြို့နယ်ခွဲ ၉ ခုကို သတ်မှတ်ထားပြီး၊ အဲဒီမြို့နယ်ခွဲတွေကတော့ ဘောဂလိ၊ လိပ်သို၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ကမမောင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝေါလေမြိုင်နဲ့ ဆုခလိတို့ ဖြစ်ကြပါတယ်။
ပြန်လာသူတွေအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာစီမံချက်တွေ ရေးဆွဲထားတယ်လို့ ကရင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။-
ဒါ့အပြင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာကူညီရေးအဖွဲ့တွေလည်း လာရောက်နေကြောင်း၊ လတ်တလောအနေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကတဆင့် ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း ၊ဂျိုက်ကာနဲ့ ဂျပန်ပလက်ဖောင်းအဖွဲ့တွေက စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။
"လတ်တလော ပြန်ရောက်မယ်ဆိုရင် သူတို့ယာယီ စားသောက်နေထိုင်ဖို့အတွက်က ထောက်ပံ့ပေးရမယ့် အပိုင်းကတစ်ပိုင်းပေါ့နော်၊ နောက်တစ်ခါ သူတို့ရေရှည်ရပ်တည်ဖို့က တစ်ပိုင်းပေါ့နော်၊ စိုက်ပျိုးမွေးမြူရေးတွေ အခြေခံလုပ်ရမယ်၊ ဒေသအလိုက် SME တွေဖြစ်အောင် ဘားအံစက်မှုဇုန်တို့ မြဝတီစက်မှုဇုန်တို့ ဘုရားသုံးဆူစက်မှုဇုန်တို့ ခရီးသွားလုပ်ငန်းတွေကို ဖန်တီးပေးရမှာပေါ့"
အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး လူဦးရေ ၅ သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်း လုံခြုံရေးတာဝန်ခံ စောအားမူက
"ပြန်ချင်တဲ့သူတစ်ယောက်မှ မရှိပါဘူး၊ ကိုယ့်တိုင်းပြည် အခြေအနေက ဘာမှန်းမသိတဲ့ အခြေအနေမှ မဟုတ်သေးတာ ဘယ်သူမှ မပြန်ချင်သေးပါဘူး"
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၂၀ လောက် နေထိုင်နေပြီး၊ တရားဝင်စာရင်းအရ လူတစ်သိန်းနှစ်သောင်းလောက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
ဒါပေမဲ့ NGO အဖွဲ့တွေအဆိုအရ ဒုက္ခသည်စခန်းတွေမှာ တရားမဝင်နေထိုင်သူတွေလည်းရှိနေတဲ့အတွက် လူဦးရေစုစုပေါင်းဟာ တရားဝင်စာရင်းထက် အများကြီးပိုလိမ့်မယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။