နယ်စပ်စခန်း ရိက္ခာထုတ်ပေးမှု ပုံစံပြောင်း


2017-03-22
Share
maela-refugees-camp-620.jpg ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည် တွေကို အခုမတ်လကုန်ကစလို့ အလှူရှင်တွေ ထောက် ပံ့ပေးနေတဲ့ ဆန်နဲ့ရိက္ခာ အကူအညီတွေကို အရင်က စားကုန်အဖြစ် ထုတ်ပေးနေရာကနေပြီး ပိုက်ဆံကဒ်အနေနဲ့ ပြောင်းလဲ ထုတ်ပေးသွားဖို့ စီစဉ်နေပါတယ်။

အရင်က ဒုက္ခသည်တစ်ယောက်ကို ဆန် ၉ ကီလိုနဲ့ အတူ ဆီ၊ ဆား၊ ပဲ၊ မီးသွေး စတဲ့ ရိက္ခာ ပစ္စည်းတွေကို လစဉ်အလှူရှင်တွေက ထောက်ပံ့ကူညီပေးနေ တာဖြစ်ပါတယ်။

ထောက်ပံ့မှုတွေ လျှော့ချတဲ့အနေနဲ့ ရိက္ခာအစား ကုန်ကျမှုတွေကို ငွေသားအဖြစ်သတ်မှတ်ပြီး ပြောင်းလဲထုတ်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ကရင်နီ ဒုက္ခသည် ကော်မတီ KNRC အဖွဲ့ရဲ့ အတွင်းရေးမှူး ၁ စောလူ့စီ က ပြောပါတယ်။

"အကူအညီတွေ လျှော့ချမယ်ဆိုတာ သူတို့က ဥပမာ ရိက္ခာဆိုလို့ရှိရင် သူက ရိက္ခာပုံစံမျိုးနဲ့ မပေးတော့ဘူး၊ ဒါပေမဲ့ သူတို့က ငွေဖြည့်ကဒ် ပုံစံမျိုးနဲ့ သူပေးမယ်၊ သူတို့ခေါ်တာက Cash for Smart Card လို့ခေါ်တယ်။ သူက အဲ့ Card ထဲမှာပဲ ပိုက်ဆံထည့်ပေးမယ်။ ဥပမာ မိသားစု တစ်စု ကုန်ကျစရိတ် အကုန်လုံးက တစ်ယောက်ကို တစ်ထောင်ကျတယ်ဆိုလို့ရှိရင် သူ့မှာ ၅ ယောက်ရှိတယ်ဆို ၅ ထောင်ပေါ့။ အဲဒီဟာကို သူက အဲ့ဒီ ကဒ်ထဲမှာပဲ သူထည့်ပေး မယ်။ စားကုန် အဖြစ် သူမပေးတော့ဘူး ပိုက်ဆံကဒ်အဖြစ်ပေးမှာပေါ့။ လူတွေက ဂိုဒေါင်မှာလာ ပြီးတော့ ဆန်ထုတ်စားရတယ် နောက် ရိက္ခာတွေ လာထုတ်တယ်ဆိုတာက ဂုဏ်သိက္ခာ သိပ်မရှိဘူး၊ အရင်တုန်းကဆိုလို့ရှိရင် အချိန်တိုအတွင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းလုပ်တဲ့ သဘော တရားမျိုး ဖြစ်တယ်ပေါ့။ အခုအခါကြတော့ ရေရှည်ကြာသွားပြီ ဖြစ်တဲ့အခါကြတော့ လူတွေလည်း ဂုဏ်သိက္ခာရှိအောင်ပေါ့ ကဒ်နဲ့ပဲ သူက ပေးမယ်။ နောက်ပြီးတော့ မိသားစုတစ်စုမှာ ကြိုက်တဲ့အချိန် ဆိုင်မှာ သူသွားဝယ်လို့ရတာပေါ့နော် ကဒ်နဲ့ဝယ်လို့ရတဲ့ဆိုင်တွေ သူတို့ဖွင့်မယ် စခန်းထဲမှာ"

ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုက္ခသည်တွေကို ပုံစံသစ်နဲ့ ရိက္ခာထုတ်ပေးမှု အစီအစဉ် သစ်ကို ခွင့်မပြုသေးတာကြောင့် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ဖို့ အလှူရှင် တွေက ညှိနှိုင်းနေကြတယ်လို့လည်း သိရပါတယ်။

ဒုက္ခသည်တွေကို ဆယ်စုနှစ်ပေါင်းများစွာ စားကုန်အဖြစ် ကူညီထောက်ပံ့လာခဲ့ရာကနေပြီး အခုလို ပိုက်ဆံကဒ်စနစ်နဲ့ ဝယ်ယူသုံးစွဲခွင့်စနစ် ပြောင်းလဲလိုက် မယ်ဆိုရင် ထိုင်း နိုင်ငံရဲ့ ကုန်ဈေးနှုန်းမြင့် တက်မှုတွေနဲ့ ကြုံလာရရင် ဒုက္ခသည်တွေအနေနဲ့ အခက်ကြုံလာနိုင်ဖွယ် ရှိတယ်လို့လည်း စောလူ့စီ က သုံးသပ်ပါတယ်။

လက်ရှိ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နဲ့ အမှတ် ၂ မှာ ဒုက္ခသည်ဦးရေ တစ်သောင်းသုံးထောင်နီးပါး အိမ်ထောင်စု သုံးထောင်နီးပါး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့