စိတ်ရှည်သည်းခံဖို့ သာသနာရေးဝန်ကြီး တိုက်တွန်း
2016.05.04
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရေးအတွက် ဥပဒေပြဌာန်းပြီး ဆောင်ရွက်သွားဖို့ရှိတာကြောင့် လတ်တလောကြုံတွေ့နေရတဲ့ ဘာသာရေးပြဿနာတွေကို စိတ်ရှည်သည်းခံပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဒီနေ့ မန္တလေးမြို့က Oriental House စားသောက်ဆိုင်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က အဖွဲ့ ဝင်တွေနဲ့တွေ့ဆုံရာမှာ ဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဒေါက်တာမောင်မောင်က ပြောပါတယ်။
"ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာတော့ ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ငြိမ်းချမ်းမှုရရှိဖို့အတွက် သူတို့အနေနဲ့ ဥပဒေပြဌာန်းပြီး ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်၊ အခုလက်ရှိအစိုးရသက်တမ်းက တစ်လ ပဲ ရှိသေးတယ်ပေါ့လေ၊ အားလုံးပဲ စိတ်ရှည်သည်းခံပြီးတော့ စောင့်ကြည့်ဖို့ အဲ့ဒါလေးတော့ ပြောသွားပါတယ် ခင်ဗျ"
ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး အမုန်း စကား ဖြန့်ဝေနေတာတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ နဲ့ အစ္စလာမ် ဘာသာဝင်တွေကို နိုင်ငံသား စိစစ်ရေးကဒ်တွေ ထုတ်ပေးရာမှာ အခြားဘာသာဝင်တွေလို တန်းတူအခွင့်အရေးပေးဖို့အတွက် ဆွေးနွေးခဲ့ ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ မြိုင်ကြီးငူဆရာတော်က ခရစ်ယာန်ကျောင်းဝန်းအတွင်းနဲ့ ဗလီအနီးမှာ စေတီတွေ တည်ထားကိုးကွယ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာဝင် ဘာသာရေးခေါင်းဆောင် ၇ ဦး တက်ရောက်ခဲ့ပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က အဖွဲ့ဝင်တွေနဲ့ မန္တလေးမြို့မှာတွေ့ဆုံပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ ပတ်သက်လို့ လက်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဒေါက်တာမောင်မောင် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။









