လက်ကျန် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် လွတ်မြောက်ရေး သမ္မတထံ တင်ပြမည်


2013.12.21
political-prisoner-committee-305.jpg ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မေလ ၁၁ ရက်နေ့ ကကျင်းပတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော် မတီ အစည်းအဝေးကို တက်ရောက်လာတဲ့ ကိုကိုကြီးနဲ့ ဦးညိုထွန်းတို့ကို တွေ့ရစဉ်
photo: RFA/ Sai Htun Aung Lwin

လက်ကျန် နိုင်ငံရေးသား စိစစ်ရေးကော်မတီရဲ့ ဒီနေ့အစည်းအဝေးမှာ စာရင်းပြုစုချက်အရ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ငါးဆယ်ဝန်းကျင်လောက် ရှိတယ်လို့ စိစစ်ရေးကော်မတီက ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီနဲ့ အစိုးရဝန်ကြီးတွေက ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲက ရရှိတဲ့စာရင်းဖြစ်ပါတယ်။

အဲဒီအယောက် ၅၀ ဝန်းကျင်စာရင်းထဲက ကော်မတီ ဝင်တွေ ထောက်ခံပေးတဲ့သူတွေကို အဓိကထား ပြီး နိုင်ငံတော်သမ္မတဆီ တင်ပြပေးသွား မှာ ဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ဦးဘိုကြည်က ပြောပါတယ်။

“အထူးသဖြင့်တော့ နှစ်ကြီးသမားတွေများပါတယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကများပါတယ်၊ ကျောင်းသားတပ်မတော်ပေါ့နော်၊ ABSDF က လူလည်းရှိတယ်၊ KNU က လူလည်းရှိတယ်၊ SSA  က လူလည်းရှိတယ်၊ ကော်မတီဝင်တွေ ထောက်ခံထားတဲ့ လူတွေကိုတော့ နိုင်ငံတော်သမ္မတဆီ အမြန်ဆုံးတင်မှာပါ၊ ပုဒ်မ ၁၈ နဲ့ ထောင်ကျသွားတဲ့ လူတွေကတော့ အကုန်လုံးပြီးသွားတာ ထောက်ခံပါတယ်၊ နောက် တိုင်းရင်းသား အဖွဲ့အစည်းက လူတချို့ကိုလည်း ထောက်ခံထားတာရှိပါတယ်”

နိုင်ငံရေးပြစ်မှုနဲ့ အကျဉ်းကျနေပေမယ့်လည်း အခြားပြစ်မှုတွေနဲ့ ရောယှက်ပြီး အကျဉ်းချခံထားရတဲ့ အငြင်းပွားဖွယ် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သေချာစိစစ်ပြီးမှ နိုင်ငံတော်သမ္မတဆီ တင်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းထောင် ၁၂ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၁ ဦး ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ဦးဘိုကြည်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။