ဒုက္ခသည်တွေစိတ်ချစွာပြန်လာရေး မြန်မာကို UNHCR တိုက်တွန်း


2018.11.23
muslim-resettlement-un-mou-622.jpg ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့ ၂၀၁၈ ဇွန်လ ၆ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်
Photo: Myanmar State Counsellor Office

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်မယ့် အခြေအနေတွေကို မြန်မာအစိုးရဘက်က ဖန်တီးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရကတော့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီထားချက်တွေအတိုင်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒုက္ခသည်တွေ စိတ်ချစွာပြန်လာရေး မြန်မာကို UNHCR တိုက်တွန်း
~~~~~~~~~~
(နန္ဒာချမ်း)

နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ UNHCR က ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာ… ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံနဲ့ ကိုယ့်သဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုးကို မြန်မာအစိုးရဘက်က ဖန်တီးပေးဖို့ အဓိက တိုက်တွန်းထားတာပါ။

လောလောဆယ် ရှိနေတဲ့အခြေအနေတွေက လုံလောက်မှုမရှိဘူးလို့ UNHCR အကြီးတန်းတာဝန်ခံ Caroline Gluck က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ဒီထက်ပို လုပ်ဖို့ လိုတယ်၊ လက်တွေ့ လုပ်ရမှာတွေ ရှိနေတုန်းပဲလို့ ကျမတို့ ယုံကြည်ထားတာတွေကို ကမ္ဘာကသိအောင် ထပ်ပြီး အသိပေးလိုက်တာပါ။ ဒုက္ခသည်တွေအနေနဲ့ သူတို့နေရပ်ပြန်တဲ့အခါမျိုးမှာ အခြေအနေတွေဟာ ပြောင်းလဲနေပြီဆိုတာကို ယုံကြည်မှုရှိလာအောင် ခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းဖို့ လိုတယ်ဆိုတာကို အသိပေးတာလည်း ဖြစ်ပါတယ်

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကတော့… ကုလသမဂ္ဂနဲ့ သဘောတူထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“UNHCR နဲ့ UNDP နဲ့ ဒီနှစ်ဇွန်လတုန်းက လက်မှတ်ထိုးထားတဲ့ MOU ရှိတယ်လေ။ အဲဒီ MOU အရပဲ ကျနော်တို့က UN နဲ့ ပူးပေါင်းဆောင်ရွက်နေတာ။ ဆိုတော့ အဲဒီအတိုင်းပဲ ဖြစ်မှာပါ။ ဒီ MOU ရဲ့ ရည်ရွယ်ချက်က မြန်မာအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လက်မှတ်ထိုးပြီး ပြန်ခေါ်ဖို့ကိစ္စ ပတ်သက်ပြီးတော့ UN ကနေ မြန်မာအစိုးရကို အကူအညီပေးဖို့ သူ့ ရည်ရွယ်ချက်ကလေ အကူညီပေးဖို့အတွက်ကို သူတို့ကနေ အဲဒီပြန်လာမယ့်သူတွေ အခြေချနေထိုင်မယ့် နေရာတွေမှာ သူတို့က ကွင်းဆင်းပြီးတော့ စစ်တမ်း အကဲဖြတ်မှုလုပ်တယ်။ ကွင်းဆင်းပြီးတော့ အဲဒီအကဲဖြတ်မှုလုပ်ဖို့ကို ကျနော်တို့ကနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့် ပေးထားပြီးသား။ ဒါပေမဲ့ ဘယ်နေရာတွေမှာ လုပ်ရမလဲဆိုတာကတော့ ကျနော်တို့က ခွင့်ပြုတဲ့အတိုင်း သူတို့က လုပ်ရမှာ။ ဒီဟာကတော့ ကျနော်တို့နဲ့ သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့်အလုပ်။ ကျနော်တို့ကတော့ ကျနော်တို့ အစီအစဉ်အတိုင်း တခုပြီးတခု ခွင့်ပြုပေးနေတယ်။ အစည်းအဝေးတွေလုပ်ပြီးတော့ ဒီဟာက ကျနော်တို့ သူတို့နဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နေတာ အဲ့ဒါက ကဏ္ဍတခု။ သူတို့လိုချင်တဲ့အတိုင်းလည်း ဖြစ်ချင်မှလည်း ဖြစ်မယ်။ အခြေအနေပေါ်မူတည်ပြီး တဆင့်ပြီးတဆင့် သွားနေပါတယ်”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်အရ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး တရက်ကို ဒုက္ခသည်ဦးရေ ၁၅ဝ နှုန်းနဲ့ စုစုပေါင်း ဒုက္ခသည် ၂,၂ဝဝ ကျော်ကို ပထမဆုံးအသုတ်အနေနဲ့ လက်ခံသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေဘက်က မြန်မာနိုင်ငံပြန်ဖို့ စိုးရိမ်တဲ့အတွက် စီစဉ်ထားတဲ့နေ့မှာ ဒုက္ခသည်တွေ တယောက်မှ ပြန်သွားတာ မရှိခဲ့ပါဘူး။

ဒီနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကြေညာချက်ထဲမှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ လွတ်လပ်စွာ သွားလာခွင့်ရပြီး၊ ပညာရေး ကျန်းမာရေး ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင်အောင် ဖန်တီးပေးဖို့လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။