ရိုက်တာသတင်းထောက် ၂ ဦး အမြန်လွှတ်ပေးဖို့ RSF ထပ်မံတောင်းဆို


2018.05.11
reuters-reporters-mar28-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို အမြန်ပြန်လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရအပြီး ၆ လ အပြည့်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အခုအချိန်ဟာ ဒီအကွက်ဆင်လုပ်ကြံထားတဲ့ တရားစွဲဆိုမှု ရပ်တန့်ဖို့ အချိန်ကျနေပြီဖြစ်ကြောင်း၊ အမှုမခိုင်လုံ၊ ထွက်ဆိုချက်မညီမညွတ်နဲ့ အမှုသွားအမှုလာ မခိုင်မာတဲ့ ဒီအမှုကို ဆက်ပြီးစစ်ဆေးနေတာဟာ မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်မှာ လုံခြုံရေးအာဏာပိုင်တွေက လက်လွတ်စပယ် အနှောင့်အယှက်ပေးနေရတယ်ဆိုတာကို သက်သေပြနေကြောင်း RSF အတွင်းရေးမှူးချုပ် Christophe Deloire က ပြောပါတယ်။

သတင်းထောက် ၂ ဦးဟာ လွန်ခဲ့တဲ့ ၆ လ၊ ၂ဝ၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း၊ စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ အပြစ်မရှိကြောင်း သက်သေအထောက်အထား အများအပြား ပြသနိုင်ပေမယ့် သတင်းထောက်အဖြစ် စုံစမ်းဖော်ထုတ်ရေးသားမှုတွေကြောင့် အခုချိန်ထိ အာဏာပိုင်တွေက လွှတ်မပေးဘဲ အချုပ်အနှောင်ခံနေရဆဲဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှုနဲ့ပတ်သက်လို့ အမှုကျူးလွန်ခဲ့တဲ့ တပ်မတော်သား ၇ ဦးကို ၁ဝ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ဒီအကြောင်းရေးသားခဲ့တဲ့ သတင်းထောက် ၂ ဦးကတော့ ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်တဲ့အမှုကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ရှေ့နောက်မညီညွတ်မှု၊ ပြစ်မှုမခိုင်လုံမှုနဲ့ သက်သေအထောက် အထား ထွက်ဆိုမှုတွေအရ သူတို့ ၂ ဦးကို လွှတ်ပေးရမှာဖြစ်ပေမယ့် အခုချိန်ထိ လွှတ်မပေးဘဲ ဆက်ပြီးချုပ်နှောင် ထားဆဲဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။