သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်


2018.09.03
reuters-reporters-622 ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/ RFA

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဖုန်းထဲမှာ ရှိတဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံတော် လျှို့ဝှက်ချက်နဲ့ ငြိစွန်းတယ်ဆိုပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။

တရားရင်ဆိုင်နေချိန်မှာ နိုင်ငံတော် အကြီးအကဲတွေက ရှေ့ပြေးစကားလုံးတွေ ပြောထားကြတဲ့အတွက် ဒီအမိန့် ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း သတင်းထောက် ၂ ဦးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

"ဒီနေ့အမိန့်ကတော့ ကျနော်တို့ တော်တော်စိတ်ပျက်စရာပါနော်။ စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ကို လူကြီးတွေ အထက်အကြီးအကဲ တော်တော်များများ ပြောကြပါတယ်။ ရဲချုပ်လည်း ပြောတယ်။ ပါတီဆိုက်ဒ်ကလူတွေလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ သို့ပေမယ့် အဲလို အခြေအနေမျိုးတွေမှာ ဒါက လူကြီးတွေ သေချာမသိသေးလို့ဘဲ ဖြစ်မယ်လို့ ကျနော်တို့ တရားခွင်မှာတော့ အကောင်းဖြစ်အောင် အမှန်တရားကို ရှာဖွေဖော်ထုတ်ကြိုးစားခဲ့ပါတယ်။ နည်းနည်းတော့ စိတ်ပျက်မိတာပေါ့ နော်။ တရားရုံးမှာ စီရင်နေတဲ့ တစ်ခုကိုေ ဝဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့"

ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်သတင်းဌာန NHK တွေ့ဆုံ မေးမြန်းခန်းမှာ မှတ်ချက်ပေးခဲ့ဖူးသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးတို့က အပြစ် ကျူးလွန်သယောင် ပြောကြားခဲ့တာ ရှိပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို စတင်ဖမ်းဆီးချိန်က ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် တရားရုံးက အမိန့်ချချိန်မှာတော့ ဖုန်းထဲက စာရွက်စာတမ်းတွေကြောင့်ဆိုပြီး ပြောင်းလဲသွားပါတယ်။

ရှေ့နေ နောက်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က သတင်းထောက်တွေအနေနဲ့ လွတ်လပ်စွာ သတင်းမယူရဲအောင် နမူနာပြ အပြစ်ပေးလိုက်တာပဲလို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သုံးသပ်ခဲ့ ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတွေအနေနဲ့ အယူခံဝင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်လို့ နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ အမှုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။