ရိုက်တာသတင်းထောက် နှစ်ယောက်ကိစ္စ ဂျပန်စိုးရိမ်

တရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်အတွက် စိုးရိမ်ပူပန်တယ်လို့ ဂျပန်အစိုးရက ထုတ်ဖေါ်ပြော ဆိုထားသလို၊ သူတို့ကိစ္စအပါအဝင် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမယ့်ကိစ္စပါဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် တာရိုကိုနို က ဒီနေ့ပြောလိုက်ပါတယ်။

ဘယ်နိုင်ငံမှာမဆို အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ပြောဆိုခွင့်ကို အာမခံချက်ပေးဖို့ အရေးကြီးပါတယ်လို့လည်း သူကပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မောင်တောဒေသအခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ပေးမယ်လို့ ရဲအရာရှိတွေကဖိတ်ခေါ် ပြီးမှဖမ်းလိုက်သလို၊ ကိုလိုနီခေတ်ကပြဌာန်းထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ သူတို့ နှစ်ယောက်ကို ပြည်ထဲရေးက တရားစွဲထားပါတယ်။ ပြစ်မှုထင်ရှား တယ်လို့ တရားရုံးကဆုံးဖြတ်လိုက်ရင် သူတို့အနေနဲ့ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိကျခံရဖွယ် ရှိနေပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ရိုက်တာ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနဲ့ ဆက်လက်တရားစွဲဆိုဖို့ ဒီကနေ့ ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီစနစ် အောင်မြင်ထွန်းကားစေရေးအတွက် သတင်းထောက်တွေအနေနဲ့ သူတို့အလုပ်ကို သူတို့ လုပ်နိုင်စွမ်းရှိဖို့လိုအပ်ပြီး၊ ဖမ်းဆီးထားတဲ့ သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။