ရိုက်တာသတင်းထောက်နှစ်ဦးကို အမိန့်ချမယ့်ရက် ရွှေ့ဆိုင်း


2018.08.26
reuters-postpone-622.jpg ရိုက်တာသတင်းထောက်နှစ်ဦးကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ၃(ဂ) နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

အဲဒီအမှုကို စီရင်မယ့် တရားသူကြီး ဦးရဲလွင် ကျန်းမာရေးကြောင့် ခွင့်ယူထားတဲ့အတွက် ရက်ရွှေ့လိုက်တာလို့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

"ကျနော်တရားရုံးကိုရောက်တော့ ကျနော့်ကို တရားရုံးစာရေးကလာခေါ်တယ်၊ အခန်းထဲရောက်တဲ့အခါကျတော့ ခရိုင်တရားသူကြီးကပြောတယ်၊ ဒီကနေ့တော့ အမိန့်မချတော့ဘူး၊ အရင်ဒီအမှုကိုကိုင်တဲ့ တရားသူကြီး ဦးရဲလွင် က နေမကောင်းဖြစ်နေပါတယ်၊ ၃ ရက်နေ့ကိုပြန်ချိန်းပါတယ်၊ သူ့စကားကို သူတာဝန်ယူပါတယ်လို့ပြောတယ်"

ရိုက်တာ သတင်းထောက် နှစ်ဦးကို သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ မူလက ကြေညာထားတာကြောင့် တရားရုံးကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန ်သံအမတ်အကြီး အပါအဝင် နိုင်ငံတကာ သံတမန်တွေ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ သတင်းဌာနတွေက သတင်းသမားတွေ လာရောက်ခဲ့ကြပါတယ်။

တရားရုံးကို လာရောက်တဲ့ သတင်းသမားတွေက Free Wa Lone and Kyaw Soe Oo စာတန်းပါ အနက်ရောင် တီရှပ်တွေ ဆင်တူဝတ်ဆင်ခဲ့ကြပါတယ်။

သတင်းထောက် ကိုဝလုံးက တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ၊ မိမိတို့မှာ အမှန်တရား ရှိနေတာကြောင့် မကြောက်ရွံ့ကြောင်း ပြောပါတယ်။

သတင်းထောက်နှစ်ဦးအတွက် လိုက်ပါပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော် က အခုလို ရက်ရွှေ့ဆိုင်း လိုက်တာဟာ ကုလသမဂ္ဂမှာ မြန်မာ့အရေး ဆွေးနွေးနေတာနဲ့ ပတ်သက်မှုရှိနိုင်ကြောင်း ပြောပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။