ဒုက္ခသည်ပြန်ခေါ်ရေး ကုလနဲ့မြန်မာ သဘောတူညီချက် ကန့်ကွက်မှုရှိနေ

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာကို ပြည်ပရောက် ရိုဟင်ဂျာ အဖွဲ့တွေက ကန့်ကွက်ကြတယ်လို့ ဒီနေ့လန်ဒန်မြို့ထုတ် the Guardian သတင်းစာမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့ ၂၀၁၈ ဇွန်လ ၆ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာကို ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့တွေက ကန့်ကွက်ကြတယ်လို့ ဒီနေ့လန်ဒန်မြို့ထုတ် the Guardian သတင်းစာမှာ ရေးသားထားပါတယ်။

အခုချိန်အထိ လျှို့ဝှက်ထားတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ မြန်မာအစိုးရအကြား သဘောတူညီချက်တွေကို အင်တာနက်မှာ ပေါက်ကြားခဲ့အပြီး ဒီစာချုပ်ပါအချက်တွေဟာ ရိုဟင်ဂျာတွေရဲ့ လိုလားချက်တွေကို ဖြေရှင်းနိုင်မှု မရှိကြောင်း၊ ဒါ့ကြောင့် ဒီသဘောတူညီချက်ကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ ဗြိတိန်မှာရှိတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တချို့ကို ကိုးကားပြီး သတင်းစာက ရေးသားထားတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေကို တိုင်ပင်ညှိနှိုင်းခြင်း မလုပ်ခဲ့သလို၊ နေရပ်ပြန်နိုင်ရေးအတွက် အဓိက တောင်းဆိုချက်တွေကိုလည်း လစ်လျူရှုထားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာလှုပ်ရှားသူ ကိုကိုလင်းက ပြောပါတယ်။

အလားတူပဲ ဒုက္ခသည် အသိုင်းအဝိုင်းရဲ့ အကြံဉာဏ်မပါဘဲ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဟာ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ မောင်ထွန်းခင်က Guardian သတင်းစာကို ပြောကြားထားပါတယ်။