ကန်လွှတ်တော်မှာ ရိုဟင်ဂျာ အခွင့်အရေး ကြားနာ
2017.03.17
အမေရိကန် အောက်လွှတ်တော်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း ကြားနာပွဲ တစ်ခုကို မတ်လ ၁၇ ရက်နေ့က ကျင်းပပြုလုပ်စဉ်
အမေရိကန်အောက်လွှတ်တော်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့လူ့အခွင့်အရေး အခြေအနေ အကြောင်း ကြားနာပွဲတခု မနေ့က ကျင်းပခဲ့ပါတယ်။အခမ်းအနားအဖွင့်မှာ အောက်လွှတ်တော်အမတ် Ed Royce အက်ဒ် ရွိုက်စ် က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နယ်ခြားလုံခြုံရေး စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာအစိုးရတပ်ဖွဲ့တွေဟာလူသားဖြစ်တည်မှု ဆန့်ကျင် တဲ့ ပြစ်မှုတွေအဖြစ် ရိုဟင်ဂျာ အမျိုးသမီးတွေကိုမုဒိမ်းကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း၊ ဒါဟာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အကျုံးဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့ကကြားနာပွဲကို ကွယ်လွန်သူ အောက်လွှတ်တော် အမတ် တွမ်လန်တော့စ် ထူထောင်ခဲ့တဲ့Tom Lantos Human Rights Commission လူ့အခွင့်အရေး ကော်မရှင်ကကြီးမှူးကျင်းပတာပါ။ အခမ်းအနားကို တက်ရောက် ကြားနာတဲ့ ကော်မရှင် တွဲဘက် ဥက္ကဌJames McGovern ဂျိမ်းစ် မက်ဂိုဗန် က ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ် မှာရာစုနှစ်များစွာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါလျက် နိုင်ငံရေး၊ စီးပွားရေးနဲ့လူမှုရေးအရ ခွဲခြားဆက်ဆံခံနေရတဲ့ လူမျိုးတွေ ဖြစ်ကြောင်း၊ ခရီးသွားလာခွင့်၊အလုပ်လုပ်ခွင့်၊ ထိမ်းမြားခွင့် စတာတွေကို တခြားနိုင်ငံသားတွေနည်းတူ မရရှိကြောင်း၊ ရိုဟင်ဂျာ ၈ သိန်းခန့် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေကြောင်း၊မိမိတို့ ကော်မရှင်က ရိုဟင်ဂျာတွေရဲ့ အခြအနေကို ၂ဝဝ၉ ကစပြီးစောင့်ကြည့်နေခဲ့ရာမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိပဲ ပြီးခဲ့တဲ့ အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းမှာ အကြီးအကျယ် ပိုမိုဆိုးဝါးလာခဲ့ကြောင်းနဲ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံးရဲ့ ဖေဖေါ်ဝါရီလ ထုတ်ပြန်ချက်အရအစိုးရတပ်ဖွဲ့တွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကလေးသူငယ်တွေ မကျန် ရက်စက်စွာသတ်ဖြတ်မှု၊ ရိုက်နှက်နှိပ်စက်မှု၊ ဖျက်ဆီးမီးရှို့မှုတွေ ကျူးလွန်ခဲ့ကြောင်းပြောပါတယ်။
ဒါ့အပြင်သူက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကအဲဒီစွပ်စွဲချက်တွေကို ငြင်းဆို ခဲ့ကြောင်း မြန်မာသမ္မတ ဖွဲ့စည်းပေးခဲ့တဲ့စုံစမ်းရေးကော်မရှင်ကလည်း အရေးယူစရာ တခုမှမတွေ့ရဖူးလို့ ပြောဆို ခဲ့ကြောင်းဒါပေမယ့် ဒေသခံမျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရလူ့အခွင့်အရေးချိုးဖေါက် မှုတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတာ ခိုင်လုံယုံကြည်ဖွယ်တွေ့ရကြောင်း၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်း နိုင်ငံတကာစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့ကြောင်းပြောပါတယ်။
အဲဒီနောက် တက်ရောက်ထွက်ဆိုသူ လေးဦးဖြစ်ကြတဲ့ UUSC (Unitarian UniversalistService Committee) လူ့အခွင့်ရေးအဖွဲ့ ဥက္ကဌနဲ့ လွတ်တော် အမတ်ဟောင်း Tom Andrewsတွမ် အင်ဒရူးစ်၊ Fortify Rights လူ့အခွင့် အရေးအဖွဲ့ခေါင်းဆောင် Matthew Smithမက်သယူး စမစ်သ်၊ U.S. Holocust Memorial Museum’s Center for the Prevention ofGenocide အမေရိကန် လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးအဖွဲ့ အရာရှိ Ms. Andrea
Gittleman အင်ဒရီယာ ဂစ်တယ်လ်မင်န် နဲ့ မြန်မာပြည်က လာရောက်တဲ့ရိုဟင်ဂျာခေါင်းဆောင် ဦးခင်မောင်မြင့် ခေါ် မိုဟာမက် နာအင်းမ် Mohamed Naeemတို့က ဆက်လက်ပြောဆိုကြပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေထဲမှာ မြန်မာစစ်တပ်ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လို့ အရပ်သားတွေသေဆုံးရပုံတွေ၊ မီးရှို့သတ်ဖြတ်ခံရပုံတွေ၊ထွက်ပြေးရပုံတွေနဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့လိုအပ်ပုံတွေ အပြင်ရခိုင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်စတဲ့ တိုင်းရင်းသားဒေသတွေမှာစစ်တပ်က လူ့ခွင့်ရေးချိုးဖေါက်နေပုံတွေ ပါဝင်ပါတယ်။
ရိုဟင်ဂျာ ခေါင်းဆောင် ဦးခင်မောင်မြင့်ဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီရဲ့ ဒုဥက္ကဌ လည်း ဖြစ်ပါတယ်။ သူက ရိုဟင်ဂျာတွေအနေနဲ့ရွေးကောက်ပွဲမဲပေးခွင့်အပါအဝင် ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို တင်ပြပြီးအမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့
ဥပဒေနဲ့အညီ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ နိုင်ငံတကာ အကူအညီတွေလွတ်လပ်စွာပေးခွင့် ရရှိရေး၊ လွတ်လပ်စွာသွားလာခွင့် ရရှိရေး၊ ကျန်းမာရေးကုသမှုရရှိရေး၊ ပညာသင်ခွင့်ရရှိရေး၊ မူလနေရပ်ဒေသတွေမှာ ပြန် လည်နေထိုင်ခွင့်ရရှိရေးနဲ့ ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်မထားပဲ အလုပ်လုပ်ခွင့်ရရှိရေးတို့အတွက် ပါဝင်ကူညီပေးစေလိုကြောင်း ပြောကြားသွားပါတယ်။
ကြားနာထွက်ဆိုပွဲ ခေတ္တနားချိန်မှာ ဦးခင်မောင်မြင့် ခေါ် မိုဟာမက် နာအင်းမ် ကဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ကို လက်ခံစကားပြောသင့်တယ်လို့ RFA ကိုပြောပါတယ်။
ပြဿနာတွေ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့သူတို့ကြိုးစားတာ အောင်မြင်မှု မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ တွေ့စေလိုကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ဟာ သူတို့အားလုံးရဲ့မျှော်လင့်ချက်ဖြစ်ပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် က လက်ရှိမှာ သူတို့ကိုဥပက္ခာပြုထားတဲ့အတွက် ဝမ်းနည်းကြောင်း စသဖြင့် ပြောပါတယ်။
အောက်လွှတ်တော် Rayburn အဆောက်အဦးမှာပြုလုပ်တဲ့ မနေ့က ကြားနာပွဲဟာဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံ မှာမြန်မာပြည်ကို စုံစမ်းရေးအဖွဲ့စေလွှတ်ဖို့ ပြောဆိုနေကြချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့သတင်းတပုဒ်မှာတော့ မောင်တောဒေ သမှာ ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာဦးရေ ၄ဝဝကျော်ရှိကြောင်းနဲ့ အဲဒီလူတွေထဲမှာ အသက် ၁၈ နှစ်အောက်လူငယ် ၁၃ဦးပါဝင်နေကြောင်း ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂဌာနချုပ်က လာတဲ့ နောက်ဆုံးသတင်းအရ ဗြိတိန်က ကမကထပြု တင်ပြခဲ့တဲ့ရခိုင်ပြည်နယ် မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ မြန်မာပြည်ဒေသ တချို့မှာတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာတာကို စိုးရိမ်ကြောင်း ထုတ်ပြန်မယ့်ကြေညာချက်ကို လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးကြရာမှာ ရုရှားနဲ့
တရုတ်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြကြောင်း သိရပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း ကြားနာပွဲတခု သောကြာနေ့ မနေ့က ကျင်းပခဲ့ပုံကိုဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။









