ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့်အခမ်းအနားကျင်းပ

ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့်အခမ်းအနားကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက NLD ပါတီဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ၈၈ မျိုုးဆက်ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်မှာရှိတဲ့ မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်း (၉) နာရီက ကျင်းပခဲ့ပါတယ်။

ပြည်သူလူထုအရေးကို ဝိုင်းဝန်း တောင်းဆိုပေးတဲ့ ရွေဝါရောင် သံဃာတော်တွေရဲ့ ကိစ္စတွေကို နိုင်ငံရေးသမားတွေအနေနဲ့ ကူညီပေးရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကအဖွဲ့ဝင် ဦးဝင်းတင်က အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

"စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ သံဃာတော်တွေက မနေနိုင်ဘဲနဲ့ မေတ္တာပို့တဲ့ နည်းများနဲ့ ပြည်သူတွေရဲ့ဘက်ကနေ ရှေ့ကနေပြီးတော့ ရပ်တည်ခဲ့တယ်။ အဲ့ဒါကြောင့်မို့ ရွေဝါရောင် တော်လှန်ရေး ဆိုတာကြီးက ပေါ်ခဲ့တယ်။ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ထားတဲ့ဟာ ရှိခဲ့တာကြောင့် ဒီရွေဝါရောင် တော်လှန်ရေးဆိုတာလည်း ပြီးဆုံးမယ်လို့ ပြောနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သံဃာတော်တွေကို ဒကာ ဒကာမတွေဘက်က နိုင်ငံရေး အင်အားစုတွေဘက်ကရော ကျောင်းသားလူငယ်တွေ အားလုံး ဆရာတော် သံဃာတော်တွေနဲ့အတူ ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ဝိုင်းဝန်းကြဖို့လိုမယ်။ ရွေဝါရောင်ကို မမေ့ကြဖို့ တိုက်တွန်းပါတယ်"

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နာယကအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးအုန်းကြိုင်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မဂ္ဂင်ကျောင်းတိုက် ဆရာတော်တွေ အပါအဝင် လူပုဂ္ဂိုလ် (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးနယ်ပယ် အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင်တနသာၤတိုင်း မြိတ်မြို့နယ်မှာလည်း ဒေသခံ NLD လူငယ်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး ရွှေဝါရောင်နှစ်ပတ်လည် (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့အဖြစ် ရတနာဗောဓိ ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။