ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အမြန်ရေယာဉ် ပြေးဆွဲခွင့် ၄ရက် ရပ်နား


2017.07.11
khanti-flood-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးြမို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်နေတာကို ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ခန္တီးစစ်ဗျူဟာမှူးဦးစီးရုံး

ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ခန္တီး နဲ့ မုံရွာ - ဟုမ္မလင်းကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေကို ၄ရက် ရပ်နားဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ ရေပြန်မကျသေးတာကြောင့် ဇူလိုင် ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရပ်နားထား တာကို နောက်ထပ် ၄ ရက် ထပ်တိုးလိုက်တာဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း က ပြောပါတယ်။

"ချင်းတွင်းမြစ်ရေကလည်း လောလောဆယ် ပုံမှန်ပဲကိုး။ ပုံမှန်ပဲဆိုတာက ရေကမကျသေးဘူးလေ။ မကျသေးတော့ ဖွင့်မပေးသေးတာ။ ရေယာဉ်တွေက နောက်ထပ် ၄ ရက် ထပ်ပိတ်ထားတယ်။ ၁၂ ကနေ ၁၆ အထိ ၊ ခန္တီးက ရေကမကျသေးဘူး။နောက်ထပ် ဆက်တိုးနေလို့လေ။ အဲဒီတော့ ထပ်ပြီး ၄ ရက် ထပ်ပြီး တိုးမြှင့်ပိတ်လိုက်တာ"

ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် အရင်က ဇူလိုင် ၆ ရက်ကနေ ဇူလိုင် ၁၁ ရက်နေ့အထိ  လူစီးအမြန်ရေ ယာဉ်အပါအဝင် ကုန်သယ်ရေယာဉ်တွေကိုပါ မောင်းနှင်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။

အမြန်ရေယာဉ်လမ်းကြောင်း ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတချို့ကတော့ ကားလမ်းကို အသုံးပြုပြီး သွားနေကြရတယ်လို့လည်း သိရပါတယ်။

ခန္တီး၊ ကလေးဝ စတဲ့ ချင်းတွင်းမြစ်ရေဝင်တဲ့မြို့တွေက မြို့တွင်းကားလမ်းတွေကတော့ အသုံးပြုလို့ မရပေမယ့် အဝေးပြေးကားလမ်းတွေတော့ ဆက်သွယ်ရေးပြတ်တောက်တာ မရှိဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်း စတဲ့မြို့တွေမှာ ချင်းတွင်းမြစ်ရေတက်လာတာကြောင့် အိမ်ထောင်စု ၂၃ဝဝ ကျော် လူဦးရေ ၈ထောင်ကျော်ဟာ ကယ်ဆယ်ရေး စခန်းတွေဆီကို ပြောင်းရွှေ့နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။