စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသားတံဆိပ် နဲ့ ရင်ထိုးတံဆိပ်တို့ကို သိသာထင်ရှား ကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို ဒီနေ့ တိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ များတာကြောင့် အဆိုကို အတည်ပြုလိုက်ပါတယ်။
ကန့်ကွက်တဲ့သူ ၂ ဦး ရှိတဲ့အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ အဆိုနဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် က ပြောပါတယ်။
"ဒီနေ့ ၁၃ ရက်နေ့မှာ လွှတ်တော်မှာ ထပ်ပြီးဆက်ပြီး ဆွေးနွေးတယ်၊ ဆွေးနွေးတဲ့အခါမှာ အစိုးရအဖွဲ့ဘက် ကလည်း ဒီတိုက်တွန်းကြောင်း အဆိုကို သူတို့အနေနဲ့ သဘောတူတယ်၊ လက်ခံတယ်ဆိုတဲ့ အဖြေရတယ်ပေါ့၊ ဒါပေမဲ့ ကန့်ကွက်တဲ့သူ ၂ ဦး ရှိတဲ့အတွက် မဲခွဲရတယ်ပေါ့၊ မဲခွဲရတော့ အဆိုက အောင်သွားပါတယ်၊ တိုက်တွန်း ကြောင်း အဆိုဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကလည်း မဲခွဲတော့ မဲနိုင်တယ်၊ အစိုးရအဖွဲ့ဘက်ကလည်း ဒီဟာကို ပြောင်းလဲဖို့အတွက် ဆက်ပြီးလုပ်ဆောင်မယ်ဆိုတဲ့အတွက် ဒါက လွှတ်တော်ရဲ့အပိုင်းကတော့ ပြီးပြီပေါ့နော်၊ ကျန်တာကတော့ အစိုးရအဖွဲ့ဘက်က ဆက်ပြီး အကောင်အထည်ဖော်ရမှာပေါ့"
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသားတံဆိပ် နဲ့ ရင်ထိုးတံဆိပ်တို့ဟာ ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်တွေနဲ့ ဆင်တူနေတာကြောင့် လွှတ်တော်မှာ အဆိုတင်ရတာဖြစ်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ မုံရွာမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည် က ပြောပါတယ်။
အဲဒီအဆိုကို ဒေါ်အမာကြည်က ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးရာမှာ ကိုယ်စားလှယ် ၂ ယောက်က ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်တွေနဲ့ တူတယ်ဆိုရာမှာ ရည်ရွယ်ချက်ရှိရှိ ဆင်တူဖြစ်နေတာမဟုတ်ကြောင်းနဲ့ အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကတော့ တိုင်းအတွင်းက ပြည်သူတွေရဲ့ သဘောထားခံယူပြီးမှ ပြောင်းလဲသင့်ကြောင်း၊ အရင်အသုံးပြုခဲ့တဲ့ အောက်ခံအစိမ်းရောင်မပါတဲ့ တံဆိပ်ကို ပြန်လည် ပြောင်းလဲသုံးစွဲဖို့ ဆိုပြီး အကြံပြုဆွေးနွေးခဲ့ပါတယ်။
ဒေါ်သန့်ဝေကျော် က အမှတ်အသားတံဆိပ်တွေ ပြန်ပြီးပြောင်းလဲမယ်ဆိုရင် ပြည်သူတွေပါ ပါဝင်တာမျိုးဖြစ်အောင် ၃၇ မြို့နယ်လုံးမှာ အမှတ်အသားတံဆိပ် ပြိုင်ပွဲအဆင့်ဆင့် ပြုလုပ်ပြီး ရွေးချယ်ဖို့ အကြံပြုဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
လက်ရှိအသုံးပြုနေတဲ့ တိုင်းအစိုးရအဖွဲ့ အမှတ်တံဆိပ်ဟာ အောက်ခံ အစိမ်းရောင်ပေါ်မှာ ခြင်္သေ့ရုပ်ပုံပါပြီး ၁၉၇၁ ခုနှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။