ငြိမ်းစုစီ ၁၉ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းသား ခံဝန်နဲ့ လွတ်
2019.01.15
အဖမ်းခံရတဲ့ လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန် ကို တွေ့ရစဉ်
လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန် ကို အရပ်ဝတ်နဲ့ ရဲအင်အား ၁၀ ဦးခန့်က တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒီနေ့ညနေ ၂ နာရီမှာ ဖမ်းဆီးခဲ့ပြီး ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။
လားရှိုးမြို့နယ်တရားရုံးမှာ စစ်ဆေးရာမှာ သူ့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက် တရားခံပြေးအဖြစ် တရားရုံးက သတ်မှတ်ထားကြောင်း သိခဲ့ရတယ်လို့ လားရှိုးနည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ နန်းမွေ့နွံလျန်း ကပြောပါတယ်။
ကိုစိုင်းကျော်စောဟန်ဟာ လားရှိုးနည်းပညာတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေ ဆေးခွင့်နဲ့ ကျောင်းပြောင်း သင်ယူခွင့်တွေပေးဖို့၊ ကျောင်းရန်ပုံငွေအတွက် ကျောင်းအာဏာပိုင်တွေက ပစ္စည်းရောင်းချနေမှုတွေနဲ့ သမဂ္ဂ အလံဖြုတ်ချခံခဲ့ရတဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုစိုင်းကျော်စောဟန်ကို ရဲတပ်ဖွဲ့က ကျောင်းဝင်းအတွင်း လာရောက်မဖမ်းဆီးခင်မှာ သူဟာ ကျောင်းအုပ် ဒုပါမောက္ခချုပ် ဒေါက်တာရန်အောင်ဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
သူ့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉အတွက် ဇန်နဝါရီလ ၁၇ရက်နေ့ကို ရုံးချိန်းချိန်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။









