သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး

စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား အလုပ်ရှင် အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုုင်းပေးခဲ့ပေမယ့် အလုပ်ရှင်ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်း မရှိသေးကြောင်း စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေက ဒီနေ့ပြောပါတယ်။
အလုပ်သမား ၄ဝ ကျော်ကို အလုပ်ထုတ်တဲ့ အတွက်ကြောင့် အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ တာပါ။
တစ်လနီးပါးကြာမြင့်ခဲ့တဲ့ စံကောင်းပီနံအိတ်စက်ရုံ အလုပ်ရှင်အလုပ်သမားပြသနာကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်က ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေခဲ့ပေမယ့် တကယ်စာချုပ်ချုပ်ဆိုရာမှာတော့ အလုပ်ရှင်ဖက်က လိုက်နာမှုမရှိဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
"အဓိကအချက်ကတော့ ကျနော်တို့ အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ်၊ အပြစ်ပေးအရေးယူတာပဲဖြစ်ဖြစ်ပေါ့၊ အခြေခံအလုပ်အမှုဆောင်နဲ့ ညှိနှိုင်းသဘောထားရယူပြီးတော့မှ လုပ်ရမယ်ဆိုတဲ့အချက်ပါနေတယ်၊ အဲဒီအချက်ကို သူတို့ကလုံးဝကို ငြင်းပယ်ထားတယ်၊ ကျနော်တို့က အဲဒီ့အချက်ကို ဥပဒေနဲ့ညီလား မညီလားဆိုတော့ စက်ရုံကစောဒကတက်တယ်၊ အဲဒါဥပဒေမှာ ပေးရမယ် ပေးလိုက်ပါဆိုတာ အဲလိုရပြီးသားကိစ္စကိုမှ တကယ့်တကယ် သူတို့ရဲ့အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းပြုတယ်ဆိုပြီး မပေးတဲ့အတွက် ဒီအချက်မရဘူး၊ ကျန်တဲ့အချက်တွေတုန်းကလည်း မနေ့ကတော့ ကျန်တဲ့အချက်တွေကို ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ့်တကယ်စာချုပ်ချုပ်တဲ့အချိန်မှာ မပေးဘူး၊ ကျနော်တို့က အဓိကအချက်တွေမရတဲ့အတွက် စာချုပ်မချုပ်ခဲ့နိုင်ဘူး"
ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးရေးအချက်ကို စက်ရုံအလုပ်ရှင်ဘက်က ၄၇ ဦးအထိ ပြန်ခန့်ပေးခဲ့ပေမယ့်၊ တခြားအချက်တွေဖြစ်တဲ့ ဆန္ဒပြခဲ့တဲ့နေ့တွေအတွက် လုပ်ခလစာအပြည့်အဝရရှိရေးအပါအဝင် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက် ၄ဝ ကျော်ထဲက အနည်းငယ်သာ အလုပ်ရှင်ဘက်က လိုက်လျောခဲ့တယ်လို့ သိရပါတယ်။
စံကောင်း ပီနံအိတ်စက်ရုံဟာ စက်ရုံတွင်း ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄ဝ ကျော်ကို အလုပ်ကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။