ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ဆက်လုပ်မယ်လို့ ဦးတင်ဦးပြော

ဒုတိယအကြိမ် ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

2011.10.22
u-tin-oo-panglong-305 ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်အကြောင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ဟောပြောနေစဉ်။
NLD

ပြီးခဲ့တဲ့၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို အင်နဲ့အားနဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် လက်ရှိမှာ ညီလာခံကျင်းပရေး ပြောဆိုသံတွေ မှေးမှိန်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။

“ပင်လုံညီလာခံ ကိစ္စနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့က ဖျက်လိုက်ပြီ မလုပ်တော့ဘူးလို့ ပြောတာမှ မရှိပဲကိုး။ အဲဒါကြောင့် ဒါနဲ့ပတ်သက်လို့ ဆက်ပြီး ဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျနော် ပြောတာပါ”

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ကလေးမြို့ ကြေညာစာတမ်းကို လက်မှတ် ရေးထိုးသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင် အမျိုးသားကွန်ဂရက်က စောဟာရီ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းမောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်း စတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။

ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။