စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက် ခုနှစ်မိုင် အကွာမှာရှိတဲ့ ဆိပ်ခွန်ကျေးရွာက ရွာသား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်မနေ့က ည ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကြားခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က ရွာထဲသေနတ်တွေနဲ့ ပစ်ဖောက်ဝင်ရောက်လာပြီး ကင်းစောင့်နေတဲ့ ရွာသား လေးဦးကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။
“ ၁၀ နာရီဝန်းကျင်လောက်က အသံဗုံးကွဲတယ်။ စစ်ကားတွေလာမယ် ဆိုပြီး သတင်းကြားပြီးမှ ၁ နာရီ လောက်မှာ သေနတ်သံတွေ စကြားရတယ်။ သူတို့သေနတ်တွေဖောက်ပြီး ဝင်လာတာ၊ အချက် ၃၀ ကျော် လောက်ရှိတယ်။ မနက်ခင်းမှာ ဆိပ်ခွန်ရွာရဲ့အနောက်မှာ အလောင်း လေးလောင်း တွေ့ရတယ်။ ညက သူတို့လာတာကို ရွာသားတွေ ထွက်ကြည့်တာကို လိုက်ပစ်တယ်လို့ ပြောတယ် "
ဆိပ်ခွန်ရွာသားတွေဖြစ်တဲ့ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနဲ့ ကိုအောင်ဟိန်းကျော် တို့ အားလုံးဟာ အသက် ၂၀ ကျော် လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မနက်အစောပိုင်းမှာ အဲဒီ အလောင်း လေးလောင်း စလုံးကို ရွာသားတွေတွေ့ရပြီး စစ်ကောင်စီက လူနာတင်ကားတွေနဲ့ သယ်သွားခဲ့ပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ မိသားစုဝင်တွေကို ကြည့်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ နေ့လယ်ပိုင်းအချိန်မှာ စစ်ကားနဲ့ ရဲကား သုံးစီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်တို့ဟာ ဆိပ်ခွန် ရဲစခန်းထဲမှာ တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။
ဆိပ်ခွန်ရွာက ကင်းစောင့်သမားလေးဦး ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။