အညာဒေသ စားနပ်ရိက္ခာဖူလုံရေး ကုလသမဂ္ဂ ဦးဆောင် ဆွေးနွေး

ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ လူတွေ စားနပ်ရိက္ခာ ဖူလုံဖို့ နဲ့ ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ဖို့ မြန်မာ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ရန်ကုန်မြို့မှာ သြဂုတ်လ ၁၇ ရက် မနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။

2010.08.18
poverty_monk_food_305_Z မန္တ္တလေးမြို့၊ မဟာ ဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတပါးက ဆွမ်းခံ၍ ရရှိလာသော စားစရာများကို စားရမဲ့ သောက်ရမဲ့ ကလေးများနှင့် မိသားစုများကို ၂၀၀၉ စက်တင်ဘာ ၂၉ ရက်နေ့က ပေးဝေနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မကွေးတိုင်း။ မန္တ္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ဖက်တွေက ပြည်သူတွေ စားနပ်ရိက္ခာမဖူလုံသလို။ မိုးခေါင်ရေရှားမှုက ဒေသခံပြည်သူတွေရဲ့ အနာဂတ်ဘဝတွေကို ခြိမ်းခြောက်နေတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ နိုင်ငံတကာ အလှူရှင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ တခြားလူမှုရေး အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလအထိ မကွေးတိုင်းထဲက စစ်တမ်း ကောက်ယူခဲ့တဲ့ ဒေသတွေမှာ အစားအစာ မလုံလောက်မှု ၆၅ ရာခိုင်နှုန်း ရှိပြီး ၊ မန္တ္တလေးတိုင်းမှာလည်း အာဟာရ မပြည့်ဝတာကို နေရာအတော်များများမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အသက် ၂ နှစ်အောက်ကလေး ၁၂ ရာခိုင်နှုန်းကျော်က အရေးပေါ် အာဟာရ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ မနေ့က အစည်းအဝေးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရေဘေးဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ပေးဖို့ကိုလည်း ဆွေးနွေးကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။