အီဂျစ်နည်းတူ မြန်မာပြည်လည်း ပြောင်းလဲမည်ဟု ဂျွန်မက်ကိန်း မျှော်လင့်

အီဂျစ်နိုင်ငံမှာ သမတမူဘာရက် နုတ်ထွက်အပြီး အီဂျစ်ပြည်သူတွေ လွတ်လပ်ခွင့် ရသလိုမျိုး မြန်မာနိုင်ငံမှာလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဖေဖော်ဝါရီ ၁၃ ရက် တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

2011.02.14
egypt_protesters_soldiers_305_z.png အီဂျစ် ပြည်သူလူထု၏ ၁၈ ရက် ဆက်တိုက် အုံကြွဆန္ဒပြမှုကြောင့် နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်နေသည့် အာဏာရှင် သမတ ဟော့စ်နီ မူဘာရက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က နုတ်ထွက်သွားပြီးနောက် ကိုင်ရိုမြို့တော်တွင် ပြည်သူများနှင့် စစ်သည်များ ပူးတွဲ အောင်ပွဲခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အာဏာရှင်သမတ မူဘာရက် ရာထူးက နုတ်ထွက် ခဲ့ရတဲ့ အီဂျစ်နိုင်ငံရေးနဲ့ ပတ်သက်ပြီးံ အမေရိကန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းအပြီး RFA က မေးမြန်းရာမှာ မစ္စတာ မက်ကိန်းက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံ ပြည်သူတွေက ပြလိုက်တဲ့ သတင်းစကားဟာ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင် မြန်မာ ခေါင်းဆောင်တွေဆီလည်း ရောက်ရှိသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ တူနီးရှား နိုင်ငံက စတင်လိုက်တဲ့ ဒီမိုကရေစီ အရေးတော်ပုံဟာ အီဂျစ်နဲ့ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ ပျံ့နှံ့နေသလို တကမ္ဘာလုံးကို ပျံ့နှံ့သွားမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း၊ အဲဒီကနေ မြန်မာပြည်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ ခံစားခွင့် မရခဲ့တဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း မစ္စတာမက်ကိန်းက ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြောကြားရာမှာ မစ္စတာမက်ကိန်းက ဒေါ်အောင်ဆန်း စုကြည်ဟာ မိမိတို့ခေတ်မှာ ပေါ်ပေါက်လာတဲ့ သူရဲကောင်းတဦး ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကြိမ် တွေ့ဆုံခဲ့ဖူးပြီး နောက်ထပ် ဆုံတွေ့နိုင်ဖို့လည်း မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

၂၀၀၈ ခုနှစ် ရီပါဘလီကင်ပါတီ သမတလောင်း ဖြစ်ခဲ့သူ အရီဇိုးနားပြည်နယ် အထက် လွှတ်တော် အမတ် မစ္စတာမက်ကိန်းဟာ မြန်မာ့အရေးမှာ ရှေ့တန်းက ဆောင်ရွက်သူ အမေရိကန်ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-14 11:04

Mr.Hon.Macain
Dont say from faraway.Do come to Burma and say.Lots of people had been sacrificed already