ရှမ်းလက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှု ဝေဖန်မှုများနေ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.05.20

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး၊ အပစ်မဲ့အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေချိန်၊ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်နေတဲ့အပေါ်၊ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အကြား တိုက်ပွဲတွေကြောင့်၊ မန်လီကျေးရွာသား ငါးရာကျော်အပါအဝင် ပန်လုံနဲ့ ချောင်းဆာ အုပ်စုက လူဦးရေနှစ်ထောင်ကျော် သီပေါနဲ့ နမ္မတူမြို့တွေကို ထွက်ပြေးနေကြရပါတယ်။

RCSS တပ်ဖွဲ့တွေ ရွာထဲဝင်လာပြီး၊ ရွာကနေ ထွက်ခိုင်းတာကြောင့် သူတို့ထွက်ပြေးခဲ့ကြရတာလို့ သီပေါမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ အမည်မဖော်လိုတဲ့ ကလေးမိခင်တစ်ဦးက RFA ကိုပြောပါတယ်။

“သစ်တွေကော သစ်လုံးတွေကော ဘာမှ မကျန်တော့ဘူး၊ အိမ်ဆောက်ဖို့ထားတာ၊ စပါးတွေကော ဆန်တွေ ကောကုန်ပြီ၊ ဒါနဲ့ဆိုနှစ်ခေါက်ရှိပြီ၊ အရမ်းစိတ်နာတာ၊ သူတို့ဘာဖြစ်လို့လုပ်ချင်လဲမသိဘူး သူတို့တောင်း စားလည်း သမီးတို့ ကျွေးတာပဲ သူတို့ဘယ်လိုတောင်းတောင်း သမီးတို့ကျွေးတာပဲ၊ တစ်ပြည်ရှိရင် ငါးခွက်ကျွေးတာပဲ၊ သူတို့ကို ပိုက်ဆံတစ်သောင်းရှိရင် သူတို့ကို ငါးထောင်ပေးပြီးပြီ၊ သူတို့ သမီးတို့ကို ဘယ်လိုလုပ်ချင်လဲ သတ်ချင်လားမသိဘူးလို့ ခံစားရတာ”

စစ်ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးပြီး၊ ထွက်ပြေးနေကြရတဲ့ ကျေးရွာသားတွေရဲ့ နေ့စဉ်လူမှုဘဝ ထိခိုက်ခံစားရလို့ တိုက်ပွဲတွေ အဆုံးသတ်စေချင်နေပြီလို့ မန်ဆာရွာသူတစ်ဦးက ပြောပါတယ်။

ဒီနှစ်စိုက်ပျိုးမှ နောက်နှစ်စားကြရမှာမို့ ကျေးရွာအနီးမှာ တိုက်ပွဲတွေ မလုပ်ကြဖို့လည်း သူက တောင်းဆို ပါတယ်။

“ပြောချင်တာက ဘယ်ဘက်လည်း မလုပ်တော့နဲ့ ဒီတိုက်ပွဲက၊ လုပ်ရင်လည်း ဖြစ်ရင်လည်း ကျန်တဲ့နေရာသွားဖြစ်ပါဦး၊ ရွာသူ ရွာသားနစ်နာတဲ့နေရာ သွားမလုပ်ပါနဲ့ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ဖြစ်စေချင်တယ် ဘယ်အဖွဲ့ဖြစ်ဖြစ် ကိုယ့်ရွာသူရွာသားကို တောင်းပန်ပါတယ်”

မေလ ၁၉ ရက်နေ့ကလည်း သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေအကြား၊ တိုက်ပွဲထပ်ဖြစ်လို့ ဝမ်စိမ်း ကျေးရွာအုပ်စုအတွင်းက ဒေသခံ တစ်ထောင်လောက် ထပ်မံထွက်ပြေးခဲ့ရပါတယ်။

ဒါကြောင့် နမ္မတူနဲ့ သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူဦးရေ သုံးထောင်လောက် ရှိလာနေပြီဖြစ်ပါတယ်။

ကျေးရွာသားတွေက တိုက်ပွဲရပ်ဖို့ မျှော်လင့်ကြပေမယ့် လတ်တလောတော့ မလွယ်သေးဘူးလို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင် က ပြောပါတယ်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေထဲမှာ လာရောက်ပြီး မလုပ်သင့် မလုပ်ထိုက်တာတွေလုပ်တယ်၊ ပြည်သူလူထုကို ခွဲခြားတယ်၊ ကျွန်တော်တို့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ပြည်သူလူထုမှန်သမျှ လိုက်လံ ရှင်းလင်းတယ်၊ အဲဒါကြောင့်မလို့ ဒီတိုက်ပွဲက မလုပ်မဖြစ်တဲ့အခြေအနေ ရောက်သွားတယ်၊ ကျွန်တော်တို့ ရည်မှန်းချက်က ဒီတိုင်းရင်းသားတွေအချင်းချင်း တိုက်ဖို့မဟုတ်ဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရချင်လို့ တော်လှန်ရေးကိုလုပ်တယ်၊ ကျွန်တော်တို့ တော်လှန်ရေးလုပ်တဲ့ အဖွဲ့အချင်းချင်းကို လာရောက်တိုက်တဲ့ အဖွဲ့အစည်းဆိုရင်လည်း ကျွန်တော်တို့ တိုက်ထုတ်ရမှာဖြစ်တယ်၊ ကျွန်တော်တို့လည်း ဒီတိုက်ပွဲကိုတိုက် ရတာ စိတ်မကောင်းပါဘူး၊ မတိုက်မဖြစ်တဲ့အခြေအနေကို ရောက်သွားလို့ တိုက်ရတာဖြစ်ပါတယ်”

ဦးသိန်းစိန်အစိုးရလက်ထက် တိုင်ရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးတဲ့အထဲမှာ၊ RCSS တပ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။

NCA မှာ လက်မှတ်ထိုးပြီးနောက်ပိုင်း ထောင်နဲ့ချီတဲ့ RCSS တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့နယ်တွေကို ပြန်လည်ဝင်ရောက်ခဲ့ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

RCSS အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကို ဝင်မလာဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် RCSS တပ်ဖွဲ့တွေ ဇွတ်ဝင်လာခဲ့လို့ တိုက်ပွဲတွေစဖြစ်ခဲ့တာလို့ TNLA ပြောပါတယ်။

လက်ရှိနိုငံရေးအကျပ်အတည်းကာလမှာ၊ တိုင်းရင်းသားအချင်းချင်း မတိုက်ချင်ပေမယ့် RCSSရဲ့ ထိုးစစ်နဲ့ ဒေသခံလူထုအပေါ်  ဖိနှိပ်မှုတွေကြောင့် ပြန်တိုက်နေရတာလို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှုးချုပ် တာဘုန်းကျော် က ပြောပါတယ်။

“လက်ရှိစစ်အာဏသိမ်းထားတဲ့ကာလမှာ ပြည်သူလူထုတွေစစ်ဘေးဒဏ်ကို နေရာအနှံ့အပြား တစ်နိုင်ငံ လုံး ခံစားနေကြရချိန် ကျွန်တော်တို့ ဒီလို တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ဖို့ကတော့ လုံးဝမသင့် လျော်တဲ့ ဒါဟာ မဖြစ်သင့်တဲ့ အခြေအနေပါ၊ ဒါပေမဲ့လည်း ကျွန်တော်တို့က မလွှဲမရှောင်သာပဲနဲ့ ဖြစ်နေရတယ်၊ ကျွန်တော်တို့နဲ့ RCSS နဲ့ တိုက်ပွဲဖြစ်နေတာက လက်ရှိဒီအာဏာသိမ်းတဲ့ကာလမှလည်း မဟုတ်ဘူး။ RCSSအနေနဲ့ တပ်နေရာတိုးချဲ့တယ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ စဖြင့်ရရင်ရသလောက် တပ်ထိုးလာပြီးတော့ နယ်မြေချဲ့တဲ့အပြင်ကို လူထုတွေအပေါ်မှာလည်း မတရားသဖြင့် ကန့်သတ်ဖိနှိပ် ချုပ်ချယ်မှုတွေလုပ်တယ်၊ တလောတုန်းကပဲ တိုက်ပွဲတွေဖြစ်တော့ အိမ်တွေကို မီးရှို့ပစ်တာတွေက သက်သေတွေပါပဲ၊ ပြီးရင်လူထုဆီက ဆန်တောင်း၊ ဆီတောင်း၊ လူထုတွေကို ဖိနှိပ်ဖမ်းဆီး လူထုသွားလာ တဲနေရာတွေကို ကန့်သတ်ပိတ်ပင်စသဖြင့် အမျိုးမျိုးလူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်တော့ ကျွန်တော် တို့လည်း ညှိနှိုင်းလို့မရတော့တာကြောင့် နောက်ဆုံးတိုက်ရုံမှတစ်ပါး တခြားမတတ်နိုင်ဘူး ကျွန်တော် တို့လည်း ဒီလိုအခြေအနေမှာ ကျွန်တော်တို့ရဲ့လူထုတွေကို RCSS ရဲ့ ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုကို လွတ်မြောက်အောင်တော့ ကျွန်တော်တို့တိုက်ရမှာပဲ”

ဒေသအတွင်း တိုက်ပွဲတွေလျော့ကျဖို့အတွက် RCSS အနေနဲ့ သူတို့မူလဒေသ ရှမ်းပြည်တောင်ပိုင်းကို ဆုတ်ခွာဖို့ SSPP နဲ့ TNLA ခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။

RCSS ဘက်ကတော့ ရှမ်းမြောက်ဒေသရှိ ရှမ်းလူထုကတောင်းဆိုလို့ သူတို့အဖွဲ့အနေနဲ့ လာရောက်ရတာဖြစ် ပြီး၊ သူတို့ရဲ့တပ်စခန်းတွေကို SSPPနဲ့ TNLA တပ်တွေက လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ ပြောပါတယ်။

လက်ရှိကာလ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး RCSS တပ်ဖွဲ့တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ပေ မယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းမြောက်အခြေစိုက် အမည်မဖော်လိုတဲ့ ရှမ်းလူငယ်အမျိုးသမီး တစ်ဦးကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလမှာ၊ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“အခုနိုင်ငံရေးအခြေအနေအရမှာ တိုင်းပြည်ပိုပြီးရှုတ်ထွေးနေတဲ့အခြေအနေမှာ ကျွန်မတို့လည်း ဖြစ်နိုင် ရင် အချင်းချင်းပိုမတိုက်စေချင်ဘူး၊ ပြောရရင် ကျွန်မတို့လည်း ကိုယ့်သမိုင်းကြောင်းကို ပိုသိထားတော့ ပြောရခက်ခဲတာပေါ့နော့်၊ သူတို့မှာလည်း သူတို့အကြောင်းတရားနဲ့ သူတို့ရှိတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ အချင်းချင်းတိုက်တာတွေ ပြည်သူလူထု ဒုက္ခရောက်နေတဲ့ကြားက ပိုဒုက္ခရောက်တာတွေ မဖြစ်စေချင် ဘူးပေါ့နော်”

ရှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့မှာပါဝင်တဲ့ SNLD ပါတီ အတွင်းရေးမှူး စိုင်းကျော်ညွန့် ကလည်း ရှမ်းတပ်အချင်းချင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းပေးပေမယ့်၊ ခဏပဲ တိုက်ပွဲတွေရပ်တန့်ပြီး မြေပြင်မှာတော့ ပြန်တိုက်နေတာဟာ စဉ်းစားစရာဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်ကနေ လှုံ့ဆော်တဲ့အဖွဲ့တွေများ ရှိနေမလားဆိုတာကိုလည်း သံသယဝင်မိတယ် လို့ သူကပြောပါတယ်။ လက်နက်ကိုင်အချင်းချင်း ပြဿနာပြေလည်နိုင်ရေးကိုတော့ သူတို့အဖွဲ့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့လည်း စိုင်းကျော်ညွန့်က ပြောပါတယ်။

တအာင်းပလောင်အမျိုးသားပါတီဗဟိုဥက္ကဋ္ဌ တာခွန်ရီ ကတော့ ဆွေးနွေးအဖြေရှာမှုကပဲ ဒီပြဿနာတွေကို ပြေလည်စေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“အန်ကယ်အမြင်ကတော့ အဲ့လိုကိစ္စတွေကတော့ မကောင်းပါဘူးလေနော့်၊ အဲဒီလိုအချင်းချင်း ရန်ဖြစ်တာ တိုက်ခိုက်ကြတာ လုံးဝကိုမကောင်းပါဘူး၊ ဘာဖြစ်လဲဆိုတော့ တပ်က အချင်းချင်းတိုက်ခိုက်ကြတာ တစ်ကဏ္ဍပေါ့၊ အဓိက အထိနာတာက လူထုတွေပေါ့၊ အဲဒီတိုက်ပွဲတွေရပ်ဖို့က သူတို့တွေဆွေးနွေးဖို့လို တယ်လေ၊ အဲဒီမှာ SSPP ရှိတယ်၊ TNLA ရှိတယ်၊ RCSSရှိတယ် သူတို့က တွေ့ဆုံဆွေးနွေးပြီးတော့မှ အဖြေရှာ ကျန်တဲ့နည်းလမ်းနဲ့ပဲနော် အဲဒါကောင်းပါတယ်၊ ဒီလိုတိုက်ပြီးတော့မှနော် တစ်ခါတစ်လေ ဒီဘက်အားသာရင်ဒီဘက်နိုင်တယ်၊ တစ်ခေါက်က ဟိုဖက်အားသာရင် ဟိုဘက်ကနိုင်တယ်၊ အဲလိုမျိုး တွေပဲဖြစ်နေတာ၊ ၂၀၁၅ နိုဝင်ဘာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ RCSS တိုက်ပွဲ အပြီးမှာ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာပါတယ်။ တိုက်ပွဲဖြစ်တဲ့ နမ့်ခမ်း၊ ကျောက်မဲ စတဲ့ဒေသတွေက ရှမ်းနဲ့ တအာင်းတိုင်းရင်းသားတွေ ကြားမှာ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကို ဦးတည်လာနေတဲ့အတွက် ရှမ်းနဲ့တအာင်းလူငယ်တွေက ပူးပေါင်းပြီး ဒီဖြစ်စဉ်ကို ထိန်းသိမ်းခဲ့ကြပါတယ်”

၂၀၁၅ ကနေ ၂၀၁၇ နှစ်ကုန်အထိ ရှမ်းပြည်နယ်အတွင်းက နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ၊ ကျောက်မဲမြို့နယ် တော့ဆန်၊ ညောင်မောင်းကျေးရွာ၊ နမ္မတူမြို့နယ်အတွင်းက ပန်လုံမန်ကျန်းရွာတွေမှာ RCSS နဲ့ TNLA တပ် တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေလည်းရှိခဲ့တာပါ။

၂၀၁၈ ဧပြီမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ TNLA တပ်တွေ ပူးပေါင်းခဲ့ပြီး နမ္မတူမြို့နယ်အတွင်း မှာ အတူတကွလှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။

ဒါဟာလည်း စစ်ပွဲကိုအခြေခံပြီး တစ်ဖွဲ့ဖွဲ့က လူထုကိုဖိနှိပ်တာမျိုး မဖြစ်အောင်၊ လူမျိုးရေးဆန်တဲ့အမြင်တွေ မဖြစ်အောင်လို့ မဟာမိတ်အချင်းချင်း ထိန်းသိမ်းတဲ့အနေနဲ့ လှုပ်ရှားကြတာလို့ SSPP က ပြောပါတယ်။

တိုက်ပွဲရပ်တန့်ရေး SSPP နဲ့ RCSS တပ်တွေ ဆွေးနွေးခဲ့တာရှိပေမယ့် ကောင်းမွန်တဲ့ရလဒ် မရသေးဘူးလို့ SSPP က ပြောပါတယ်။

RCSS နဲ့ TNLA တပ်ဖွဲ့တွေကတော့ တစ်ကြိမ်သာတွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး၊ ကောင်မွန်တဲ့အဖြေရလဒ် မထွက်ခဲ့ သလို ဒီကနေ့အထိ ထပ်မံဆွေးနွေးနိုင်တာမရှိဘဲ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-05-20 11:55

Min Aung Hlaing would love to see and hear story like this everyday. These naive Shans are doing Min Aung Hlaing's dirty work for free. Thanks a lot, naive Shans.