ရှမ်း ၁၃ ပါတီ ပူးပေါင်း


2016.05.29
shan-parties-620.jpg ရှမ်းပြည်တိုင်းရင်းသား ပါတီများဖွဲ့စည်းရေး ဆွေးနွေးပွဲကို မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် Orchid hotel မှာ ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ဒီနေ့ ဖွဲ့စည်းလိုက် ပါတယ်။

ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် Orchid hotel မှာ ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ဖက်ဒရယ် ပြည်ထောင်စုပါတီ ဥက္ကဌ ဦးစောသန်းမြင့်က ပြော ပါတယ်။

"ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ်ဆိုတာ ဒီနာမည်ကိုသဘောတူတဲ့အကြောင်း ဆုံးဖြတ်ထားတယ်၊ ဒီနေ့ အခုကျနော်တို့ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ကတော့ ရှမ်းပြည်တိုင်းရင်းသားပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်သင့်ကြောင်း ဒီနေ့အစည်းအဝေးသို့တက်ရောက်လာသော နိုင်ငံရေးပါတီ ၁၃ ပါတီက သဘောတူလက်ခံပြီး မကြာမီ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ထည့်သွင်းနိုင်ရန် အလေးအနက်တိုက်တွန်းသည်၊ ဒီနေ့တော့ ကျနော်တို့ ဒါပထမဆုံးဆိုတော့ ကြေညာချက် ဒီ ၃ ချက်ကို ထုတ်ပြန်ထားပါတယ်ခင်ဗျ"

နောက်တစ်ကြိမ် အစည်းအဝေးကျင်းပတဲ့အခါ ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် ရဲ့ မူဝါဒတွေကို ဆွေးနွေး အတည်ပြုသွားမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ် ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ၊ အင်းတိုင်းရင်းသားများအဖွဲ့ချုပ် စတဲ့ ပါတီ ၁၃ ပါတီတက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ ပါတီ ၁၈ ခုကိုဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ အစည်းအဝေးကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖဲွဲွ့ချုပ် SNLDနဲ့ တခြားပါတီတချို့ က ခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဖက်ဒရယ် ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။