မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့အဆို ရှမ်းလွှတ်တော် အတည်ပြု
2016.12.07
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြစ်တင်ရှုတ်ချဖို့နဲ့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆိုကို ဒီနေ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူဦးရေ များပြားတာကြောင့် အဆိုကို လွှတ်တော်ကအတည်ပြုပြီး အကြမ်းဖက်အဖွဲ့တွေ အဖြစ် ကြေညာသွားမယ့်သဘောဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျောက်မဲမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။
"ကျနော်တို့ ဒီနေ့ မဲပေးပိုင်ခွင့်ရှိသူ ၁၁၅ ယောက်ထဲမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဦးအောင်သူရဲ့ အဆိုကို ထောက်ခံတာက ၆၃ မဲရှိတယ်။ ကန့်ကွက်မဲက ၄၅ မဲရှိတယ်။ပြီးတော့ ကျနော်တို့ ကြားနေမဲက ၇ မဲရှိတယ်။ ထောက်ခံမဲအရေအတွက်က များနေတဲ့အတွက်ကြောင့်မို့ အဆိုကို အတည်ပြုပြီးတော့မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာသွားမယ့်သဘောပေါ့လေ"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက အဲဒီအဆိုကို မနေ့က လွှတ်တော်ထံ တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင် က အဆိုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထားမှတ်ချက်ကို ပြောကြားရာမှာ KIA၊ AA၊ MNDAA နဲ့ TNLA အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက် လုပ်ရပ်နဲ့ ညီညွတ်မှုရှိတယ်လို့ ထောက်ပြပြောဆိုသွားကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။
အဲဒီအဆိုကို ရှမ်း၊ ကချင်၊ မွန်၊ ရခိုင်တို့က အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ရုံးထံ လိပ်မူပြီး ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပါတယ်။
ဒီမိုကရေစီ အစိုးရလက်ထက်မှာ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေက စိတ်ဓါတ်စစ်ဆင်ရေး စကားလုံးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆက်ဆံပြီး လွှတ်တော်တွေကို အသုံးချလာတာဟာ တပ်မတော်နဲ့ လွှတ်တော်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ရေးအရ ဖိအားပေးဆောင်ရွက်တာတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက်သာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက ဆောင်ရွက်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။









