RCSS နဲ့ SSPP တို့ တိုက်ပွဲကြောင့် ရွာသားတွေ ထပ်မံထွက်ပြေးရ

2019-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
SSPP နဲ့ RCSS တို့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ရွာသားတွေကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
SSPP နဲ့ RCSS တို့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ရွာသားတွေကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် သီပေါမြို့နယ် လုံဝယ်ရွာ အရှေ့ဘက်မှာ ဒီနေ့မနက် ၆ နာရီလောက်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် လုံဝယ်ရွာ၊ ဖက်နန်ရွာနဲ့  ခါးရိုးရွာက ရွာသားတွေဟာ နားကန်ရွာ နောင်ကော်ကြီးရွာနဲ့ နောင်အန်ရွာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေ ရပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ရွာသားတွေ ထွက်ပြေးနေကြဆဲဖြစ်ပြီး လူဦးရေ အတိအကျတော့ မသိရသေးဘူးလို့ ကျေးရွာ စာရေးမတွေက RFA ကို ပြောပါတယ်။

ထွက်ပြေးလာသူတွေကို ရပ်ရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက နေရာချထားပေးဖို့ ဆောင်ရွက်နေပြီး နောင်အန်ရွာ ဘုန်းတော်ကြီးကျောင်းမှာ လုံဝယ်ရွာသားတွေကို နေရာချထားပေးပြီး နားကန်ရွာမှာတော့ ဖက်နန်ရွာသားအများစု လာရောက်ခိုလှုံနေကြရပါတယ်။

မနက် ၆ နာရီကျော်မှာ ပစ်ခတ်သံတွေကြားရပြီး ထွက်ပြေးလာတဲ့ ဆယ်နာရီအထိ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့လုံဝယ်ရွာသားတွေက ပြောပါတယ်။

ကျေးရွာမှာတော့ အသက်ကြီးသူတွေ နေထိုင်မကောင်းတဲ့သူတွေ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

RCSS အဖွဲ့တွေက လွန်ခဲ့တဲ့သုံးရက်က လုံဝယ်ရွာမှာ ရှိနေတာဖြစ်ပြီး SSPP အဖွဲ့တွေက ဒီမနက်လေးနာရီမှာ ထော်လာဂျီတွေနဲ့ နာကန်ရွာကနေ လုံဝယ်ရွာဘက်ကို ရောက်ရာကနေ တိုက်ပွဲဖြစ်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ RCSS တပ်တွေ လုံဝယ်ရွာက ထွက်ခွာသွားပြီး SSPP တပ်တွေတော့ ကျေးရွာတဝိုက်ရှိနေတယ်လို့ သိရပါတယ်။

လုံဝယ်ရွာမှာ အိမ်ခြေ ၅၀ ဆယ်လောက် ရှိတာဖြစ်ပြီး လူဦးရေ တစ်ရာကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက နားမခေါ်ကျေးရွာ၊ နောင်ကော်ကြီးနဲ့ ကောင်းဟုန်းရွာတစ်ဝိုက် SSPP နဲ့ RCSS တပ်တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ရွာသား တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့