ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်ဆန်ကြီးကျေးရွာအုပ်စု မန်မိုင်ကျေးရွာအနောက်ဘက်နဲ့ မနားရွာ အနီးပတ်ဝန်းကျင်မှာ ဒီလဆန်းပိုင်းထဲက တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေရပ်ပေးဖို့နဲ့ နေရပ်ပြန်ဖို့ ဆန္ဒရှိနေကြောင်း RFA က စုံစမ်းသိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေဟာ မန်ဆန်ကြီးကျေးရွာအုပ်စုအတွင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ကစပြီး တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။
ထွက်ပြေးလာသူတွေဟာ အိုးအိမ်တွေကို ပစ်ထားခဲ့ရသလို ကျွဲနွားတွေပါ ထားခဲ့ရတဲ့အပြင် စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းရောင်းချရမယ့် အချိန်ရောက်နေတာကြောင့်လည်း နေအိမ်တွေမှာ အေးအေးချမ်းချမ်းနဲ့ ပြန်လည်နေထိုင် လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆောင်းတွင်းကာလဖြစ်နေတာကြောင့် လက်ရှိခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေမှာ စောင်နဲ့ အနွေးထည် လုံလုံလောက်လောက် မရှိတာတွေအပေါ်မှာလည်း စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်သံတွေဟာ မန်ဆန်ကြီး ကျေးရွာကျောင်းကနေပါ ကြားနေရတာကြောင့် ထွက်ပြေးလာ သူတွေဟာ နေအိမ်မပြန်ရဲဘဲ ဖြစ်နေကြတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် မန်ဆန်ကြီးကျေးရွာအုပ်စုအတွင်းက မန်မိုင်၊ မန်ခွန်၊ မနား၊ ကောင်းဝန်းပိန်းဆာ၊ မန်ကျောင်းကျေး ရွာတွေက ဒေသခံ ရှမ်းတိုင်းရင်းသား ၈၀၀ ဝန်းကျင်လောက်ဟာ မန်ဆန်ကြီးကျေးရွာ ဘုန်းကြီးကျောင်းနဲ့ မန်ဆန်ဘူတာကျောင်းတွေမှာ လာရောက်ခိုလှုံနေရပါတယ်။
စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေးအတွက် သီပေါနဲ့ လားရှိုးက ပရဟိတအဖွဲ့တွေ လာရောက်ကူညီနေတာ ရှိပေမယ့် တိုက်ပွဲဖြစ်နေတဲ့ကာလ ကြာရှည်နေတာကြောင့် အကူအညီတွေ လိုနေတယ်လို့လည်း ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ သီပေါနယ်စည်းမခြားပရဟိတ အဖွဲ့က ကိုမျိုးက RFA ကို ပြောပါတယ်။
တိုက်ပွဲကြောင့် မန်မိုင်မူလတန်းလွန်ကျောင်းလည်း ပိတ်ထားရပြီး ကလေးတွေ ပညာသင်ယူခွင့် ဆုံးရှုံးနေရတယ် လို့လည်း မန်ဆန်ရွာသားတစ်ဦးဖြစ်တဲ့ ကိုဘုန်းထက်အောင်က RFA ကို ပြောပါတယ်။
TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တို့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မကြာခဏဆိုသလို စစ်ဘေး ဒုက္ခသည်အဖြစ် ထွက်ပြေးနေရသလို တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေလည်း ရှိနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။