ရှမ်းဒုက္ခသည်စခန်းတွေ ထောက်ပံ့မှု မရနိုင်တော့

2017-08-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းဒုက္ခသည်များကော်မတီ သြဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲစဉ်
ရှမ်းဒုက္ခသည်များကော်မတီ သြဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲစဉ်
Photo: Aung Moe Myint/ RFA

ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ရှမ်းဒုက္ခသည်စခန်း ၆ ခုက ဒုက္ခသည် ၆၀၀၀ ကျော်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက အခြေခံရိက္ခာတွေ ဆက်လက်ထောက်ပံ့ပေးဖို့ ရှမ်းဒုက္ခသည်များကော်မတီက တောင်းဆိုလိုက်ပါတယ်။

လာမယ့် အောက်တိုဘာလမှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်မှာဖြစ်တဲ့အတွက် တောင်းဆိုရတာဖြစ်ကြောင်း ကုန်းကျော်ဒုက္ခသည်စခန်းက စခန်းကော်မတီ ဥက္ကဌ လုံစိုင်းလျန်း က ပြောပါတယ်။

"အခု စက်တင်ဘာက နောက်ဆုံး Issue ပဲ၊ သူတို့က အထောက်အပံ့က ရပ်တော့မယ်၊ လက်ရှိ ဗမာပြည် ရှမ်းပြည်ရဲ့ စစ်ရေး နိုင်ငံရေး အခြေအနေကို သုံးသပ်လိုက်လို့ရှိရင် စစ်ပြေးဒုက္ခသည်တွေက ဘယ်လိုမှ ပြန်လို့ မရဘူး၊ ကိုယ့်နေရာကိုယ် ပြန်လို့မရသေးဘူး၊ ဒီအချိန်မှာ ပြန်လို့မရသေးဘူးဆိုတော့ ဒီစစ်ပြေးဒုက္ခသည်ကို ထောက်ပံ့နေတဲ့ အထောက်အပံ့က ရပ်လိုက်လို့ရှိရင် ဒီလူတွေက လုံးဝဖယိုဖရဲဖြစ်တော့မယ်၊ အဲ့ဒါကို ဆက်ပြီးတော့ အကူအညီပေးဖို့အတွက်ပါ၊ ဒါသူတို့က လုံးဝဒီစစ်ပြေးဒုက္ခသည်တွေ၊ IDP တွေရဲ့ ဆန္ဒကို လုံးဝမမေးဘဲနဲ့ ခင်ဗျားတို့ စက်တင်ဘာကျရင်ရပ်ပြီး ဒီလိုပဲ ပြောလိုက်တာဆိုတော့ ဒါက လုံးဝ ဦးတို့ အတွက်တော့ ဒါက တအားအကျဉ်းအကြပ် ဖြစ်သွားတာပေါ့နော်"

ဒီကနေ့ ရှမ်းဒုက္ခသည်များကော်မတီက နိုင်ငံတကာအဖွဲ့အစည်းတွေကို အရေးပေါ်မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်မှာလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း စတဲ့ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့မှုတွေရပ်မှာဖြစ်ပါတယ်။

ရှမ်းဒုက္ခသည်အများစုဟာ ၁၉၉၆ ခုနှစ်ကစလို့ တပ်မတော်၊ UWSA ၀ စစ်တပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး နောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေက အခြေချနေရာယူထားမှုတွေကြောင့် ထိုင်းမြန်မာနယ်စပ်ကို ရောက်ရှိလာကြတာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံရေးအခြေအနေ ပြောင်းလဲလာတဲ့အတွက်ဆိုပြီး ဆန်နဲ့ ဆားသာ ထောက်ပံ့ပေးခဲ့ပြီး ဆန်ကိုလည်း လူတစ်ယောက်ကို တစ်လစာအတွက် ၁၆ ကီလိုထောက်ပံ့ခဲ့ရာက အခုအခါ ၁၃ ကီလိုသာထောက်ပံ့ပေးပြီး အခုနောက်ဆုံး အောက်တိုဘာလမှာတော့ ထောက်ပံ့ပေးမှုတွေကို ရပ်တန့်တော့မှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့