ရှမ်းပြည်နယ်မှာ လေယာဉ်ကွင်း တည်ဆောက်လိုကြောင်း ဦးနေဝင်း မြေးနှစ်ဦး တင်ပြ

2016-10-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို တွေ့ရစဉ်
ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့ မှာ လေယာဉ်ကွင်းတည်ဆောက်လိုကြောင်းနဲ့ ဆိုလာစနစ်နဲ့ လျှပ်စစ်ဖြန့်ဝေရေး လုပ်ငန်းတွေ ဆောင်ရွက် လိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို လာပြီး တင်ပြခဲ့ တာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

"လေယာဉ်ကွင်း မူဆယ်မှာတည်ဆောက်ဖို့ကိစ္စကို လာရောက်တင်ပြတာပေါ့နော်၊ နောက်သူတို့ လက်ရှိ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကိုလည်း ရှင်းလင်းတင်ပြတယ်၊ သူတို့ကတော့ လုပ်ချင်တယ် ပဲ ပြောမှာပေါ့၊ ဒီဘက်က သုံးသပ်ပေးရမှာက စီမံကိန်းတစ်ခုရဲ့ ရည်ရွယ်ချက်ရှိရမယ်၊ အကျိုးအမြတ်တွေ ရှိရမယ်၊ နောက်ပြီးတော့ impact area တွေ ဘယ်လောက်သွားမလဲ အဲဒါတွေ အကုန်လုံးတွက်ချက်ရမယ် ၊ နောက် investor တွေက ဘယ်သူတွေလဲ၊ နောက်ပြီးတော့ ငွေရေး ကြေးရေးက ဘယ်ကလာလဲ၊ အဲဒါတွေကို သေချာတွက်ချက်ပြီးတော့မှ လုပ်ရတာလေ၊ အလုပ်တစ်ခုက အင်းအင်း အင်းအင်း ဆိုပြီးတော့ ဇွတ်လက်မှတ်ထိုးလို့မရဘူးလေ"

ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးစိုင်းအိုက်ပေါင်းရဲ့ ရွှေရှမ်းပြည်ကုမ္ပဏီ တို့ကလည်း တင်ပြထားတယ် လို့ ပြောပါတယ်။

လတ်တလောမှာ မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ဖို့ လေကြောင်းဦးစီးဌာနမှာ အစီအစဉ် မရှိသေးကြောင်း၊ စီမံကိန်းအကြီးစားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခွင့်ပြုရ တာဖြစ်ကြောင်း၊ လုပ်ငန်းဖြစ်နိုင်ခြေနဲ့ ဒေသခံတွေရဲ့ အမြင်သဘောထားကိုသာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြရတာဖြစ်ကြောင်း ပြန်လည်ရှင်းပြ ခဲ့တယ်လို့လည်း ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တာကြောင့် လေယာဉ်ကွင်းတည်ဆောက်မယ်ဆိုရင် စစ်ရေးနဲ့ ကာကွယ်ရေး သဘောထားအမြင်တွေ လိုအပ်တာကြောင့် တပ်မတော်တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းဆောင် ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

အစိုးရတစ်ရပ်အနေနဲ့ သာ ဒီလိုကြီးမားတဲ့ စီမံကိန်းကို အကောင်အထည်ဖေါ်သင့်ပါတယ်။ ဖေါ်ဆောင်လို့လည်း ရနိုင်ရမှာပါ။ မရနိုင်ဖူးဆိုရင် အစိုးရ၀န်ကြီးဌာန များရဲ့ အလုပ်အကိုင် စီမံဆောင်ရွက်မှုများက ဘယ်နေရာမှာ အသုံးချလုပ်ကိုင်မှာလည်းဆိုတာပါ။ ဥပမာ - ဆောက်လုပ်ရေး ဌာန ၎င်းဌာနကြီးရဲ့ လက်အောက်မှာရှိတဲ့ အင်ဂျင်နီယာတွေ၊ အလုပ်သမားတွေက ကန်ထရိုက်စနစ်ရဲ့ လက်အောက်ငယ်သားတွေအဖြစ်သာ သွားရောက်လုပ်ကိုင်နေရမှာလား။ ထိုသို့မဖြစ်သင့်ပါ၊ ဖြစ်ခဲ့တဲ့ ကာလကိုလည်းကျော်လွန်နိုင်ပြီလို့ ယူဆပါတယ်။ အစိုးရရဲ့ စီမံကိန်းနဲ့ အစိုးရဏ္ဍာငွေကြေးတို့ဖြင့် လည်းကောင်း၊ နိုင်ငံခြားမှ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးသည့် ငွေကြေးများထဲမှ သုံးစွဲပြီး ယခုလို စီမံကိန်းကြီးများကို ဆောက်လုပ်ရေးဌာန ဦးစီးမှုဖြင့် လုပ်ဆောင်ရမဲ့ အချိန်ကာလရောက်နေပါပြီ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အလုပ်လက်မဲ့ ပြည်သူများအားလည်း အောက်ခြေလုပ်ငန်းခွင်တို့တွင် အလုပ်သမားဦးစီးဌာနမှ အလုပ်ခေါ်ယူခြင်းများပြုခြင်းဖြင့် အလုပ်လက်မဲ့ပြသနာများအား ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ယခင်အစိုးရလက်ထက်ကလို - ခရိုနီများ အားကန်ထရိုက်ပေး ခရိုနီများချယ်လှယ်တဲ့ စီမံကိန်းများဖြစ်စေခြင်း၊ ယခုကဲ့သို့ ဦးနေ၀င်း မြေးများ ၊ တေဇ လို ခရိုနီများ ရဲ့ ငွေကြေးခ၀ါချမှုများကို ထပ်မံအားပေးခြင်းမျိုး မလုပ်မိစေရန် အကြံပြု တင်ပြလိုက်ရပါတယ်။

Nov 01, 2016 07:24 AM

ဆိုက်တခုလုံးသို့