ရှမ်းမြောက်မြေမြှုပ်မိုင်းကြောင့် ရက် ၇ဝ အတွင်း လူ ၂ဝ ထိ


2019.10.11
lashio-mine-622.jpg မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိုင်းငေါ့မြို့နယ်ခွဲက အမျိုးသားတစ်ဦးကို ၂၀၁၉၊ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - တင်မောင်သိန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်မှာ ရက် ၇၀ အတွင်း မြေမြှုပ်မိုင်း၊ တိုက်မိုင်းတို့ကြောင့် အရပ်သား လေးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ်လဆန်းကနေ စက်တင်ဘာလအထိ ကျောက်မဲခရိုင်အတွင်းမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့သူ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးရှိကြောင်း မိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်နေတဲ့ ဒေသခံကြက်ခြေနီတပ်ဖွဲ့က ကောက်ခံထားတဲ့ စာရင်းအရသိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ညနေက နမ့်ဆန်မြို့နယ် နမ့်တွေအုပ်စု မမို့ကျေးရွာက အမျိုးသမီး တစ်ဦး လက်ဖက်ခြံ လုပ်ငန်းခွင်ဝင်နေချိန်မှာ မြေမြုပ်မိုင်းပေါက်ကွဲလို့ သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်ခွဲ တော့ဆန်ကျေးရွာအုပ်စုထဲက တောင်ပို့လို့ရွာနဲ့ ပန်ဆန်ရွာကြားမှာရှိတဲ့ လက်ဖက်ခြံမှာ အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းထိခဲ့တယ်လို့ ကျောက်မဲအခြေစိုက် ဇီဝိတပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

"မနက်ဆယ်နာရီလောက်မှာ လက်ဖက်ခြံကိုပေါင်းမြက်တွေရှင်းတာ။ နှစ်ယောက် ။ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရတယ်"

သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင် ဦးသာအေး ဖြစ်ပြီး ဒဏ်ရာရသူက အသက် ၃၀  ဝန်းကျင်ရှိတဲ့ စိုင်းပန်းစံဖြစ်ပါတယ်။ ဒဏ်ရာရသူကို ကျောက်မဲဆေးရုံမှာ တင်ပို့ကုသခဲ့ရတာဖြစ်ပါတယ်။

သူတို့ကတော့ ကျောက်မဲခရိုင်အတွင်းမှာ ရက်ပေါင်း ၇၀ အတွင်း မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရ စာရင်းမှာ နောက်ဆုံးပါဝင်သွားသူတွေပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းကြောင့် သေဆုံးမှုတွေကို စာရင်းအတိအကျ ကောက်ခံနိုင်ဖို့ အခြေအနေ မပေးသေးတာကြောင့် ဘယ်လောက် ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကို တိတိကျကျ ပြောဆိုနိုင်တာ မရှိပါဘူး။

ကျောက်မဲခရိုင်ဟာ TNLA၊ RCSS နဲ့ တပ်မတော်တို့ လှုပ်ရှားနယ်မြေဖြစ်ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတယ် ဆိုတာကိုလည်း ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက တိတိကျကျ ပြောဆိုဖို့ ခက်နေပါတယ်။

ဒေသတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ သီပေါမြို့တွေမှာ မြေမြှုပ်မိုင်းအပါအဝင် လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုဟာ ၃ လအတွင်း ဆယ်ဦးခန့်ရှိနေတယ်လို့လည်း သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေဟာ အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေဖြစ် တာကြောင့် မိုင်းအသုံးပြုတာတွေ မလုပ်စေချင်ဘူးလို့ TWO ပြောရေးဆိုခွင့်ရှိသူ မလွေ့ချီဆဝါးက ပြောပါတယ်။

"မိုင်းကြောင့်လူထုတွေ သေဆုံးတာ ဒဏ်ရာရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေကတော့ ခံနေရတဲ့ အပေါ်မှာ အဲဒီမှာလှုပ်ရှားနေတဲ့ သက်ဆိုင်ရာ လက်နက်ကိုင်တိုင်းက တာဝန်ရှိတယ်။ အဲဒီအပေါ်မှာပြန်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ရာ ပြန်လုပ်ပေးစေချင်တယ်"

ပြင်ဦးလွင်က တပ်မတော် သင်တန်းကျောင်းနဲ့ နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်မှာ ကျောက်မဲ၊ သီပေါနဲ့ ကွတ်ခိုင်မြို့တွေ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံတွေမှာ မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတဲ့အပြင် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ် မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံဟာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယအမြင့်ဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပြီး၊ ၂၀၁၇ တစ်နှစ်တည်းမှာပဲ မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂ ဦး အထိ ရှိခဲ့တယ်လို့ မြေမြှပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine and Cluster Munition Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၈-၁၉ ဝန်းကျင်မှာလည်း မိုင်းဖြစ်စဉ်ကြောင့်၊ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ ထိခိုက်မှုဖြစ်စဉ်တွေရှိပေမယ့် အစီရင်ခံစာအသေးစိတ် မတွေ့ရသေးပါဘူး။

Landmine and Cluster Munition Monitor ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၉ ကနေ ၂၀၁၇ ခုနှစ်အထိ မြေမြှပ်မိုင်းကြောင့် သေဆုံး သူ ၅၃၇ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၃၅၈၈ ဦးနဲ့ နောက်ဆက်တွဲအခြေအနေ မသိရသူ ၁၁၈ ဦးထိရှိတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်း သုံးစွဲမှုကို ၁၉၉၇ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပိတ်ပင်ခဲ့ပါတယ်။

(RFA သတင်းထောက် မဖြူဖြူခိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။