မန်ပြိန်းရွာတိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့တဲ့ ရွာသားရဲ့ ရုပ်အလောင်း ပြန်တွေ့


2018.11.07
shan-villager-dead-622.jpg SSPP နဲ့ RCSS တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ စံမွန် (ခေါ်) မာဂမ်ရဲ့ အလောင်းကို ကျေးရွာ အပေါ်ဘက် ကုန်မီးတိုက်အနီးမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ပြိန်းရွာမှာ အောက်တိုဘာလ ၂၆ ရက်နေ့ကဖြစ်ပွားတဲ့ SSPP နဲ့ RCSS တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ စံမွန် (ခေါ်) မာဂမ်ရဲ့ အလောင်းကို ကျေးရွာ အပေါ်ဘက် ကုန်မီးတိုက်အနီးမှာ ဒီနေ့ညနေက ရွာသားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အလောင်းရှာဖွေတွေ့ရှိတဲ့ နေရာအနီးမှာ ဓားအိမ်နဲ့ တွဲထားတဲ့ စစ်သုံး ဘက်နက်ဓား တစ်လက်၊ ဓားအိမ်မပါတဲ့ ဓားတစ်လက်ကိုလည်း တွေ့ရတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ စံမွန်ဟာ မိသားစုကို ခေါ်ဖို့ မန်ပြိန်းအောက်ရွာကနေ အပေါ်ရွာကို တက်လာချိန်မှာ ပျောက်ကျားဝတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့က စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်သွားတာလို့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် မန်ပြိန်ရွာကားလမ်းဘေ ဦးတူးလွန် အိမ်ခြံအနောက်မှာ အရိုးခေါင်းတစ်ခုကိုလည်း တွေ့ရပါတယ်။

အဲဒီအရိုးခေါင်းကို အခြေခံပြီး အလောင်းကိုလိုက်ရှာရာကနေ စံမွန် ခေါ် မာဂမ်ရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။

ကျေးရွာသားတွေကတော့ ရွာသုသာန်ဟာ ရွာနဲ့ နှစ်မိုင်လောက်ဝေးပြီး နာရေးတွေမှာ ရွာအနီးအနားမြှုပ်နှံတာ မရှိတဲ့အတွက် ဦးတူးလွန် အိမ်အနောက်ခြံမှာတွေ့တဲ့ အရိုးခေါင်းဟာ တိုက်ပွဲအတွင်း သေဆုံးခဲ့သူ တစ်ယောက်ရဲ့အလောင်းက ဦးခေါင်းခွံဖြစ်နိုင်တယ်လို့ ကျေးရွာသူကြီးက ပြောပါတယ်။

မန်ပြိန်းကျေးရွာအတွင်း တိုက်ပွဲတွေကြောင့် သွေထွက်သံယိုမှုတွေရှိခဲ့တဲ့အတွက် ရွာသန့်တဲ့အနေနဲ့ ဒီနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။