NLD ပါတီက ထုတ်ပယ်ခံရသူတွေ နဲ့ နှုတ်ထွက်ထားသူတွေ စုပေါင်းပြီး အရပ်ဖက်အဖွဲ့ ဖွဲ့စည်း
2017.01.16
ရှစ်လေးလုံးရှမ်းပြည်နယ်အဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးတင်မောင်တိုး ကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပယ်ခံရသူတွေ၊ နှုတ်ထွက်ထားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ ရှစ်လေးလုံး ရှမ်းပြည်နယ်အဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့ထံ တရားဝင်မှတ်ပုံတင်ဖို့ ဦးဆောင်သူတွေက စီစဉ်နေပါတယ်။
တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးတွေကို အဓိကဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ရှစ်လေးလုံး ရှမ်းပြည်နယ်အဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးတင်မောင်တိုး က ပြောပါတယ်။
"ကျနော်တို့က အခုပါတီလုပ်ငန်းစဉ်က ရပ်နားလိုက်ရတော့ ကျနော်တို့ ဒီမပြီးသေးတဲ့ တောင်သူလယ်သမားတွေ အတွက် နောက်ဒီဒေသခံတိုင်းရင်းသားတွေ အတွက်ပေါ့နော် ကျနော်တို့က ဆက်ပြီး အလုပ်လုပ်ပေးဖို့ လိုတယ်လေ။ အဲဒီတော့ ကျနော်တို့က တရားဝင်ရပ်တည်ဖို့က အဖွဲ့စည်းတစ်ခု ရှိမှဖြစ်မှာလေ။ ကျနော်တို့ လုပ်ငန်းစဉ်က ဒီတောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ အမျိုးသမီးရေးရာ၊ လူငယ်ရေးရာ နောက် တိုင်းရင်းသားလူမျိုးစုရေးရာပေါ့နော်"
ရှစ်လေးလုံး ရှမ်းပြည်နယ်အဖွဲ့အနေနဲ့ အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရာမှာ အမှုဆောင်အဖွဲ့ဝင် ၁၃ ဦးနဲ့ လျှောက် ထားဖို့ ပြင်ဆင်ထားပြီး အမှုဆောင်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပယ်ခံရတဲ့ တောင်ကြီး ခရိုင် ဥက္ကဌဟောင်း ဦးတင်မောင်တိုး၊ ၈၈ မျိုးဆက်တွေထဲက ဦးတင်အောင်မျိုး၊ ဦးဝင်းကိုနဲ့ ဦးကျော်စွာ တို့ ပါဝင်ပါတယ်။
အဲဒီအဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းအပြင် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာပါ လှုပ်ရှားဆောင်ရွက် သွားမှာ ဖြစ်ပြီး မြို့နယ်အလိုက် အဖွဲ့ဝင်တွေ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ရှစ်လေးလုံး ရှမ်းပြည်နယ်အဖွဲ့ရဲ့ အမှတ်တံဆိပ်ကို အဖြူရောင်အောက်ခံပေါ်မှာ အနီရောင်နဲ့ ရှစ်ဂဏန်းလေးလုံး ဖော်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။









