ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် မိသားစုနှင့်တွေ့ခွင့်မရသေး

နှစ်ရှည်အကျဉ်းကျ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို မျက်စိ ခွဲစိတ်ကုသဖို့ စစ်တွေထောင်ကနေ အပြင်ဆေးရုံ ထုတ်ပြီး စီစဉ်ပေးခဲ့ပေမဲ့ အာဏာပိုင်တွေက မိသားစုနဲ့ တွေ့ခွင့် မပြုသေးဘူးလို့ သိရပါတယ်။

2011.05.19
hso_ten_shan_general_305_z ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း၏ ဗိုလ်ချုပ် ဆေထင်ကို စစ်ဝတ်စုံဖြင့် တွေ့ရသော ယခင် မှတ်တမ်းပုံတခု ဖြစ်ပါသည်။ (Photo: democracyforburma.wordpress.com)
(Photo: democracyforburma.wordpress.com)

ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့က ဦးစိုင်းလိတ် က RFA ကို အခုလို ပြောပါတယ်။

“စစ်တွေဆေးရုံမှာ ခွဲတယ်။ ရန်ကုန်က ဆရာဝန်ကြီးနဲ့ အဲဒီက ဆရာဝန်တယောက်လည်း ဝင်ရောက် ကြီးကြပ်ပေးတယ်ပေါ့နော်။ ခွဲစိတ်မှု အောင်မြင်တယ်။ ဒါပေမဲ့ မိသားစုက ခွဲစိတ်ပြီးတဲ့အချိန်က စပြီး ခုထက်ထိ ဗိုလ်ချုပ် ဆေထင်နဲ့ လုံးဝ တွေ့ခွင့်မရဘူး။ သူ့ဇနီးနဲ့ သမီးပေါ့နော်၊ စစ်တွေမြို့မှာပဲ စောင့်နေတယ်။ ဆေးရုံနားတဝိုက်ကို အဲဒီ မိသားစုက အနားကပ်ခွင့် မရဘူးပေါ့နော်။ အဲဒီ စစ်တွေမြို့က စံပြဆေးရုံမှာလို့ ပြောတယ်။”

ဗိုလ်ချုပ်ဆေထင်ကို မေလ ၁၇ ရက် နေ့က ဆေးရုံတင်ခဲ့ပြီး ညာဖက် မျက်လုံး ခွဲစိတ်ခဲ့ရတာပါ။ အခုတော့ စစ်တွေမြို့က သံဃာ့ဆေးရုံမှာ အစောင့်အကြပ်နဲ့ ထားတယ်လို့ ဆိုပါတယ်။ မိသားစုကလည်း တွေ့ခွင့်ရမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်တွေမြို့မှာ စောင့်ဆိုင်းနေဆဲပဲလို့ သိရပါတယ်။

အသက် ၇၅ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ် ဆေထင်ကို အရင်စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့မှာ နှလုံးနဲ့ ဆီးချိုရောဂါတွေ ရှိနေတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၅၉ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းရဲ့ ဧပြီလအတွက် စာရင်းချုပ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။