ကန့်ကွက်ခံရတဲ့ တွံတေးက ဓာတ်မြေသြဇာစက်ရုံ ပိတ်ဖို့ တိုင်းဝန်ကြီးချုပ်ညွှန်ကြား

သန့်ဇင်ဦး
2021.01.30
ကန့်ကွက်ခံရတဲ့ တွံတေးက ဓာတ်မြေသြဇာစက်ရုံ ပိတ်ဖို့ တိုင်းဝန်ကြီးချုပ်ညွှန်ကြား တွံတေး-မအူပင်ကားလမ်းဘေးက မြန်မာ့ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ၂၀၂၀ ဒီဇင်ဘာ ၂၉ရက်နေ့က တွေ့ရစဉ်
Photo: Ye Win Htut Facebook

အနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ကျန်းမာရေးထိခိုက်နေလို့ အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေတဲ့ ရန်ကုန်တိုင်း၊ တွံတေးနဲ့ မအူပင်ကားလမ်းမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံကို ဇန်နဝါ ရီလ ၂၉ ရက် မနေ့ကစပြီး ပိတ်ထားဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက် မနေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးနောက် စက်ရုံပိတ်ထားဖို့နဲ့၊ စက်ရုံထဲက ပစ္စည်းတွေကိုလည်း ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ ကုမ္ပဏီပိုင်နေရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပြီး ထပ်မံလည်ပတ်မှုရှိ/မရှိ စက်ရုံကို လုံခြုံရေးနဲ့ ၂၄ နာရီ စောင့်ကြည့်စေခိုင်းခဲ့တယ်လို့ ကန်ပတ်ရိုးရွာသား ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးရဲဝင်းထွဋ်က RFA ကို ဒီကနေ့ ပြောပါ တယ်။

ထိခိုက်ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်အနေအထားကို လေ့လာဆန်းစစ်ပြီး ပြန်လည် ပြင်ဆင်နိုင်ဖို့ အစိုးရဘက်က ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးမယ့်အပြင် စက်ရုံကိုအရေးယူဖို့လည်း တည်ဆဲဥပဒေတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ဦးရဲဝင်းထွဋ်က ပြောပါတယ်။

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ စီမံခန့်ခွဲရေးမှူး ဦးစန်းထွန်းဦးကလည်း ဝန်ကြီးချုပ်ကွင်းဆင်းစစ်ဆေးပြီးနောက် စက်ရုံကို ပိတ်ခိုင်းထားတာ မှန်ကန်ကြောင်းနဲ့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်အတွက် ထိခိုက်နေတာတွေကို ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ညွှန်ကြားချက်တွေအတိုင်း ဆက် လက်လုပ်ဆောင်သွားမယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။

ဓာတ်မြေသြဇာစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ရွာသူ/ရွာသားတွေ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်စိစပ် စတဲ့ ဝေဒနာတွေ ခံစားနေရတဲ့အပြင် စက်ရုံကထွက်တဲ့ ရေဆိုးတွေဝင်လို့ ရွာရေကန်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစက်ရုံကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေတဲ့အတွက် အရေးယူပေးဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လကုန်ကတည်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားထားပေမယ့် ထူးခြားမှုမရှိလို့ဆိုပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဒေသခံ ၃၀ လောက်က ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တိုင်းအစိုးရရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံသားပိုင် ရွှေနဂါးဓာတ်မြေသြဇာစက်ရုံဟာ ဓာတ်မြေသြဇာတွေ တင်ချတာနဲ့ သိုလှောင်ဖို့ တစ်ခုထဲအတွက် ငှားရမ်းထားပေမယ့် ဓာတ်မြေသြဇာထုတ်တဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဓာတ်မြေသြဇာ ရောစပ်တာ၊ ကြိတ်ခွဲထုတ်ပိုးတာတွေကို လုပ်ဆောင်နေတာကြောင့် လုပ်ငန်းတွေရပ်ထားဖို့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အခုလ ၁၅ ရက်နေ့ကတည်းက အကြောင်းကြားထားတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။