ရှမ်းသံတော်ဆင့် သတင်းဌာန ပြည်တွင်းမှာ ထုတ်ဝေခွင့်ရ

2013-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အခြေစိုက်ပြီး တရားဝင် ဂျာနယ်တစ်စောင် ထုတ်ဝေဖြန့်ချိဖို့ ဒီနေ့မနက်က တရားဝင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာမှာ ဒီနေ့ညနေမှာပဲ ခွင့်ပြုချက်ရရှိသွားကြောင်း သတင်းရရှိပါတယ်။

မှတ်ပုံတင်ခွင့်ပြုကြောင်း စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့ရုံးက အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့အယ်ဒီတာ ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။

ဒီနေ့က ဖောင်သွားဝယ်တဲ့အချိန်မှာ ဒီပြန်ကြားရေး စာပေစိစစ်ရေးရုံးကတော့ ခင်ဗျားတို့ ဘာသတင်းနာမည်နဲ့ တင်မှာလဲ၊ ဘယ်သူလဲ၊ အိမ်ထောင်စုစာရင်းပါလား၊ မှတ်ပုံတင်ပါလား အဲ့လိုမျိုးမေးတယ်၊ အဲ့လိုမျိုးမေးတော့ အိမ်ထောင်စုစာရင်းလည်းပါတယ်၊ မှတ်ပုံတင်လည်းပါတယ်၊ ဒါပေမယ့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ မယူလာရသေးဘူး၊ အဲ့လိုမျိုးပြောတော့ သူတို့ကမလိုပါဘူးတဲ့၊ ဒီနေ့ပဲတင်လိုက်ပါ ရအောင်လုပ်ပေးပါ့မယ် ဆိုပြီးတော့မှ မထင်မှတ်ပဲ ဒီနေ့မှတ်ပုံတင် ကျလာတာပေါ့နော်”

ရှမ်းသံတော်ဆင့် သတင်းဌာနဟာ တောင်ကြီးမြို့မှာ ဂျာနယ်ထုတ်ဝေဖြန့်ချိဖို့ ရန်ကုန်မှာရှိတဲ့ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းနဲ့ စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ရုံးမှာ တရားဝင်မှတ်ပုံတင်လိုက်တာဖြစ်ပါတယ်။

အခုလို တရားဝင်မှတ်ပုံတင်ပြီး သတင်းဂျာနယ်ထုတ်ဝေဖို့ စီစဉ်ခဲ့ရတာနဲ့ ပတ်သက်လို့ အယ်ဒီတာ ကိုစိုင်းမိန်းက အခုလို ဆက်ပြောပါတယ်။

နိုင်ငံတော်က အမျိုးသားရင်ကြားစေ့ရေး၊ တန်းတူဖွံ့ဖြိုးတိုးတက်ရေး၊ တဖက်တလမ်းက လုပ်ဆောင်နေတယ်ဆိုတော့၊ ကျနော်တို့ ရှမ်းသံတော်ဆင့်အနေနဲ့လည်း လူထုအတွက် အကျိုးပြုတဲ့ ရည်ရွယ်ချက်လေးတွေရှိနေတော့ ကျနော်တို့လည်း ဒီရှမ်းပြည်မှာရှိနေတဲ့ သတင်းတွေ ပိုပြီးတော့မှ ထိထိရောက်ရောက် သတင်းတွေလိုက်နိုင်ဖို့ နယ်မြေခံတွေနဲ့ ပိုမိုထိထိတွေ့တွေ့ရှိဖို့ပေါ့၊ အဲ့ဒီရည်ရွယ်ချက်နဲ့ ရှမ်းပြည်တွင်းထဲမှာ ဂျာနယ်တစ်စောင်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင်တာပါ”

ရှမ်းသံတော်ဆင့် သတင်းဌာနကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း လေးဘာသာနဲ့ သတင်း၊ ဆောင်းပါးတွေကို အင်တာနက် ဝက်ဆိုက်ပေါ်ကနေ ထုတ်ဝေနေသလို၊ တိုင်းရင်းသား သတင်းမီဒီယာအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ထာဝရတည်တံမြဲပါစေ

Jun 03, 2014 09:39 AM

ဆိုက်တခုလုံးသို့