ပြည်သူတွေ အနိုင်ရသွား တဲ့ ရွေးကောက်ပွဲလို့ သူရဦးရွှေမန်း ပြောကြား


2016.01.29
shwemann-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရစဉ်
Photo: ThuraUShweMann Facebook

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် တကယ်တော့ ပြည်သူတွေ အနိုင်ရတာဖြစ် ပြီး ပြည်သူတွေဟာ သူတို့ရဲ့နေရာမှန်ကို ပြန်ရောက်သွားတာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်နောက်ဆုံးနေ့ နှုတ်ဆက်စကားပြောရာမှာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။

"မိမိ မဲရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ အနိုင်ရတယ်လို့ ပြည်သူ တစ်ယောက်အနေနဲ့ မိမိလည်းနိုင်တယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်တွေ အနိုင်ရတာမဟုတ်ဘူး၊ ရွေးချယ်ခံရတာလို့ပြောပါတယ်၊ အနိုင်ရသူတွေ ဟာ ပြည်သူတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ တကယ်တော့ ပြည်သူတွေ အနိုင်ရတာပါ၊ အနိုင်ရတယ် ဆိုတာထက် သူတို့ရဲ့ကိုယ်ပိုင်နေရာကို သူတို့ပြန်ရောက်သွားတယ်လို့ ဆိုနိုင်ပါတယ်"

လွှတ်တော်သက်တမ်း ၅နှစ်အတွင်း အားမရတာတွေ၊ လိုအပ်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်တဲ့ အားနည်းချက်တွေရှိခဲ့ပေမယ့် နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ပြန်လည်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အားလုံးက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ မေးခွန်းပေါင်း ၁သောင်း ၁ထောင်ကျော်၊ ကြယ်ပွင့်ပြမေးခွန်း ၄ထောင်ကျော်၊ ကြယ်ပွင့်မပြမေးခွန်း ၆ ထောင်ကျော်မေးမြန်းခဲ့ပြီး အရေးကြီးအဆိုတွေအပါအဝင် အဆိုပေါင်း ၂ ရာကျော် မေးမြန်းနိုင် ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၅နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ဥပဒေပေါင်း ၂၂၉ ခု ပြဌာန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။