ရွှေပြည်သာ ကင်းသမား သေဆုံးမှု အမှုဖွင့်ခွင့်မရသေး
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့ညက ရပ်ကွက်လုံခြုံရေးကင်းစောင့်ရင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက်လို့ နေရာတင်သေဆုံးခဲ့တဲ့ ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်နေ ကိုတင်ထွဋ်ဟိန်းအမှုကို ရွှေပြည်သာ မြို့နယ်ရဲစခန်းက အမှုဖွင့်ခွင့် မပေးသေးဘူးလို့ သူ့ဇနီးဖြစ်သူ မသင်းသင်းက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။
လက်ရှိမှာ သေဆုံးသွားတဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ ရုပ်အလောင်းက လှိုင်သာယာဆေးရုံမှာ ထားရှိထားပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲဝင်လာတဲ့ ရဲကားတစ်စီးကနေ အဲဒီကင်းစောင့်နေတဲ့ ပြည်သူရဲ့ ဦးခေါင်းကို သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာလို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေသူတဦးက RFA ကို ပြောပါတယ်။
အခင်းဖြစ်နေရာမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက မနေ့ညက "သေသွားတဲ့သူက ရပ်ကွက်လုံခြုံရေးအတွက် လမ်းကင့်စောင့်နေတာ၊ အဲဒီအချိန်မှာ ရဲကားတစ်စီးကဝင်လာတယ်၊ ဝင်လာတဲ့အချိန်မှာ သေသွားတဲ့သူက တားပြီးမေးလိုက်တာ၊ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲပေါ့၊ အဲဒီမှာ မေးတဲ့သူကိုပဲ ရဲက ဆဲဆိုပြီးတော့ သေနတ်နဲ့ သုံးချက်ပစ်သွားတယ်၊ အဲဒီသူက နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ မျက်နှာက တော်တော်ကြည့်လို့ အဆင်မပြေဘူး၊ ဦးခေါင်းပေါက်သွားတယ်၊ ပစ်သွားတဲ့ ရဲကားက လှော်ကားရဲစခန်းဘက် ဝင်သွားတယ်" လို့ RFA ကို ပြောထားပါတယ်။
လာရောက်ပစ်ခတ်တဲ့ရဲကားပေါ်မှာ သေနတ်တွေနဲ့ချိန်ထားတဲ့ ရဲ ငါးယောက်နဲ့ အရပ်ဝတ် လူ နှစ်ယောက်ပါတာကို အခင်းဖြစ်နေရာမှာ ရောက်ရှိနေသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်ကို မကျေနပ်တာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ မနေ့ညပိုင်းမှာ ရွှေပြည်သာရဲစခန်းမှာ စုဝေးခဲ့ကြပေမယ့် ညသန်းခေါင်ကျော်ချိန်မှာ လူစုခွဲခဲ့ပါတယ်။
ကိုယ်ထူကိုယ်ထလုံခြုံရေး ကင်းစောင့်နေတဲ့ ရပ်ကွက်နေပြည်သူတစ်ဦး ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ရွှေပြည်သာရဲစခန်းကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။
သေဆုံးသူ ကိုတင်ထွဋ်ဟိန်းက အသက် ၃၀ ရှိပြီး ဇနီးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။