နယ်သာလန်ဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်

2018-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နယ်သာလန် နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mrs. Sigrid Kaag နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၈ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
နယ်သာလန် နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mrs. Sigrid Kaag နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၈ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
(Photo: Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်သာလန် နိုင်ငံခြားကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး Sigrid Kaag တို့ တွေ့ဆုံပြီး  ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာကြမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်သံတွေ၊ ဝေဖန်သံတွေ ထွက်ပေါ်နေပေမယ့် မြန်မာအစိုးရကတော့ ရခိုင်ပြဿနာကို အောင်မြင်အောင် ဖြေရှင်းသွားမယ်လို့ ပြောဆိုထားပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်း တင်ပြထားပါတယ်။
~~~~~~~~~~

နယ်သာလန်ဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်
(နန္ဒာချမ်း)

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်သာလန်ဝန်ကြီး Sigrid Kaag တို့ တွေ့ဆုံတဲ့အချိန် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခုကြား ဖြစ်ပွားနေတဲ့ပြဿနာ ရေရှည်ပြေလည်အောင်ဖြေရှင်းရေး၊ အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတာတွေနဲ့၊ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုတွေမှာ နယ်သာလန်ဘက်က အကူအညီပေးနိုင်မယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့… ရခိုင်အရေး ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဦးစိုးဟန်က RFA ကို ပြောပါတယ်။

“အဓိကကတော့ မစ္စတာ ကိုဖီအာနန်ရဲ့ recommendation တွေပေါ့နော်၊ အဲဒါနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်မှု အခြေအနေတွေကိုတော့ သူတို့ မေးပါတယ်။ မေးတဲ့အခါမှာလည်း ကျနော်တို့အနေနဲ့ ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ကျနော်တို့ ဆောင်ရွက် အကောင်အထည်ဖော်ခဲ့တဲ့ အခြေအနေတွေ အကောင်အထည်ဖော်ဖို့ ကျန်နေ သေးတဲ့ အခြေအနေတွေ ဒါတွေကို ရှင်းပြပါတယ်။ ကျနော်တို့ ရှင်းပြတာကို သူတို့ဘက်က ဘာမှ ထူးထူးထွေထွေ တုံ့ပြန်တာ မရှိပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ဆုံခင် နယ်သာလန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့… ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံမှုရှိမရှိ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ ဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက် ဆောင်ရွက်ဖို့တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ တိုက်တွန်းသွားမယ်လို့ ဖော်ပြထားတာပါ။

၂ဝ၁၇ နိုဝင်ဘာလကတည်းက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီထားခဲ့ပြီး၊ ဒီသဘောတူညီချက်အရ မကြာခင်မှာပဲ မြန်မာနိုင်ငံဘက်ကနေ စိစစ်အတည်ပြုပြီးသား ဒုက္ခသည် ၂ဝဝဝ ကျော်ကို ပထမဆုံးအသုတ်အနေနဲ့ လက်ခံသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒုက္ခသည်တွေ ပြန်လက်ခံမယ့်ကိစ္စ ခေတ္တရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေတာနဲ့ ပတ်သက်လို့လည်း ဦးစိုးဟန်က အခုလို တုံ့ပြန်ခဲ့ပါတယ်။

“အဓိကက ရခိုင်ပြည်နယ်အရေးကိစ္စကို ကျနော်တို့ အောင်မြင်အောင် ဖြေရှင်းမယ်၊ ဖြေရှင်းဖို့လည်း ဆန္ဒရှိပါတယ်။ ဖြေရှင်းနိုင်တဲ့ စွမ်းရည်လည်း ကျနော်တို့မှာ ရှိတယ်လို့ ပြောပြီးသားပါ။ အဲဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ ညှိနှိုင်း ထားတယ်။ သဘောတူညီချက်တွေလည်း ရပြီးပြီ။ ဒီသဘောတူညီချက်အရ နိုဝင်ဘာလလယ်မှာ သူတို့ဘက်က စ ပို့မယ်လို့ ပြောတယ်။ ပို့တာကို ကျနော်တို့ဘက်ကလည်း သဘောတူပါတယ်။ ဒီလူတွေကို ပြန်လည် လက်ခံပြီးတဲ့အခါ ကျနော်တို့ဘက်က ထပ်မံ စစ်ဆေးမှုပေါ့နော် ပို့တဲ့လူနဲ့ ကျနော်တို့ဘက်က ရထားတဲ့စာရင်း မှန်ကုန်မှု ရှိ - မရှိ စစ်မယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ်။ ပြီးရင် သူတို့ကို transit camp center မှာ ခဏထားမယ်။ ပြီးတာနဲ့ သူတို့ နေရပ်တွေကို ကျနော်တို့ ပြန်လည် ပို့ဆောင် ပေးမယ်။ သူတို့အတွက် လောလောဆယ် လိုအပ်မယ့် အစားအသောက် လူသုံးကုန်ပစ္စည်းတွေ အဲ့ဒါတွေ အကုန်လုံး ထောက်ပံ့ဖို့လည်း အားလုံး စီစဉ်ထားပြီး ဖြစ်တယ်ပေါ့။ ကျနော်တို့ဘက်က ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းမယ်လို့ ပြောထား သလိုပဲ အောင်မြင်အောင် ဆက်ပြီး ဆောင်ရွက်သွားမယ်ပေါ့”

နယ်သာလန် နိုင်ငံခြားကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး Sigrid Kaag ဟာ မြန်မာခရီးစဉ်မတိုင်ခင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဒါ့ပြင် ပြဿနာကို ရှုထောင့်မျိုးစုံက သုံးသပ်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နယ်သာလန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုက်တခုလုံးသို့